နာရီများစွာကြာ မီးပျက်ခဲ့မှု တာဝန်ခံသည့်အနေဖြင့် ထိုင်ဝမ် ၀န်ကြီး ရာထူးမှ နှုတ်ထွက်

နာရီများစွာကြာ မီးပျက်ခဲ့မှု တာဝန်ခံသည့်အနေဖြင့် ထိုင်ဝမ် ၀န်ကြီး ရာထူးမှ နှုတ်ထွက်

သြဂုတ် ၁၆ ။              ။ ထိုင်ဝမ်တွင် ယမန်နေ့ သြဂုတ် ၁၅ ရက်က နာရီများစွာကြာ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ခံသည့်အနေဖြင့် စီးပွားရေးဝန်ကြီးဖြစ်သူ ရာထူးကနေ နှုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က အဆိုပါ ကျွန်းရှိ အဓိက ဓာတ်အားပေးစက်ရုံတစ်ခု၌ နည်းပညာချို့ယွင်းမှုတစ်ခုကြောင့် ဂျင်နရယ်တာလည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရာမှတဆင့် အချိန်ကြာမြင့်စွာ မီးပြတ်တောက်နေခဲ့ခြင်း   ဖြစ်သည်။ ယင်း မီးပြတ်တောက်မှုတွင်  အိမ်ထောင်စုပေါင်း ၆ ဒသမ ၆၈ သန်း ထိခိုက်ခဲ့ရသည်ဟု သိရသည်။

အလားတူ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ယာဉ်အသွားအလာပိတ်ဆို့ခြင်း၊ စျေးဝယ်စင်တာများနှင့် ရုံးများတွင် အချိန်ကြာမြင့်စွာ အမှောင်ကျသွားခဲ့ခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။ အလားတူ ဓာတ်လှေကားများအတွင်း နာရီများစွာကြာ ပိတ်မိနေခဲ့သူများပင် ရှိခဲ့သည်ဟု သိရသည်။

ထိုင်ဝမ်ရှိ အကြီးဆုံးသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွင် လည်ပတ်နေလျက်ရှိသည့် ဂျင်နရယ်တာ ခြောက်လုံး ရပ်ဆိုင်းသွားခဲ့ရာမှတဆင့် အချိန်ကြာမြင့်စွာ မီးပြတ်တောက်နေခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကျွန်းရှိ ကောင်တီ ၁၇ ခုတွင် အချိန်ကြာမြင့်စွာ မီးပြတ်တောက်နေခဲ့ကြောင်း သိရသည်။

အဆိုပါ မီးပျက်မှု ကိစ္စအတွက် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ကလည်း ထုတ်ဖော်တောင်းပန်သွားခဲ့သကဲ့သို့ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများအတွက် အဓိကတာဝန်ရှိသည့် စီးပွားရေးဝန်ကြီး လီချီကန် ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပကာ ပြည်သူများကို တောင်းပန်ခဲ့ရသည်။ ယင်းနောက် အဆိုပါနေ့ ညပိုင်းမှာပင် ထိုင်ဝမ် စီးပွားရေးဝန်ကြီးက ၎င်း၏ နှုတ်ထွက်စာကို တင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required