ဗာဂျီးနီးယားပဋိပက္ခ၌ ပါ၀င်ပတ်သက်ခဲ့သူအားလုံးကို ထရမ့် ပြစ်တင်ဝေဖန်

ဗာဂျီးနီးယားပဋိပက္ခ၌ ပါ၀င်ပတ်သက်ခဲ့သူအားလုံးကို ထရမ့် ပြစ်တင်ဝေဖန်

နယူးယောက်ခ်၊ သြဂုတ် ၁၆ ။         ။ ဗာဂျီးနီးယားပြည်နယ် ရှားလုတ်ဗီလီမြို့၌ ပြီးခဲ့သောရက်သတ္တပတ်အတွင်း နာဇီလက်သစ်များ၊ လူဖြူလူမျိုးကြီး ၀ါဒသမားများနှင့် လက်ဝဲဆန္ဒပြသူများကြား   ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ပဋိပက္ခများအတွင်း ပါ၀င်ပတ်သက် ခဲ့သူအားလုံးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့က ပြစ်တင်ဝေဖန်ခဲ့သည်။

“အလွန်ကိုဆိုးသွမ်းတဲ့ လူအုပ်စုကတစ်ဖက်၊ အလွန်ကိုရုန့်ရင်းကြမ်းတမ်းတဲ့ အဖွဲ့ကတစ်ဖက် ရင်ဆိုင်တွေ့ခဲ့ကြ တာပါ။ ဘယ်သူမှတော့ ပြောချင်မှာမဟုတ်ဘူး။ ဒါပေမယ့်အခုတော့ ကျုပ်ပြောရမယ်။ ဒီပဋိပက္ခထဲမှာ ထပ်မံ ပါ၀င်ခဲ့တဲ့သူတွေဟာ တစ်ဟုန်ထိုးဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး အလွန့်အလွန်ကို ရက်စက်ကြမ်းကြုတ်ကြပါ တယ်” ဟု နယူးယောက်မြို့ရှိ ထရမ့်တာဝါ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ပြောကြားခဲ့ သည်။

ထိုကဲ့သိုု့ အုပ်စုလိုက် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ရှားလုတ်ဗီလီပဋိပက္ခသည် အလွန်ကို စက်ဆုပ်ဖွယ်ရာကောင်းကြောင်း ထရမ့်က ပြောခဲ့သော်လည်း ထိုဆန္ဒပြပွဲ၌ ပါ၀င်ခဲ့သူအားလုံးသည် နာဇီလက်သစ်များနှင့် လူဖြူလူမျိုးကြီးဝါဒသမားများ မဟုတ်ကြကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ထိုလူထုချီတက်ပွဲသို့ တက်ရောက်ခဲ့သူအများစုမှာ အမေရိကန်ပြည်တွင်းစစ်၌ ပါ၀င်ခဲ့သော တောင်ပိုင်းသား ဗိုလ်ချုပ်ကြီးရောဘတ်အီးလီ၏ ရုပ်တုကိုဖယ်ရှားရန်အတွက် ဆန္ဒပြခဲ့ခြင်းသာဖြစ်ကြောင်း ထရမ့်က ပြောခဲ့သည်။

“ဆန္ဒပြတဲ့လူအုပ်ကြီးထဲမှာ သူတို့အတွက်အလွန့်အလွန်ကို အရေးပါတဲ့ရုပ်တုကြီးကို ဖြုဖျက်ဖို့ တောင်းဆို ချီတက်ခဲ့သူတွေ ပါ၀င်ပါတယ်” ဟု ထရမ့်ကပြောခဲ့ပြီး “အကယ်၍ သမိုင်းပြန်လည် ပြင်ဆင်ရေးဝါဒသမားတွေ ဟာ ရောဘတ်အီးလီရဲ့ ရုပ်တုကိုဖယ်ရှားပြီး သူ့ရဲ့အခန်းဏ္ဍကို ဖျောက်ဖျက်ချင်တယ်ဆိုရင် ဂျော့ဝါရှင်တန်နဲ့ သောမတ်ဂျက်ဖာဆန်တို့ရဲ့ ရုပ်တုတွေကိုလည်း ဖယ်ရှားသင့်ပါတယ်။ သူတို့နှစ်ယောက်လုံး ကျွန်ပိုင်ရှင်တွေ ဖြစ်ခဲ့လို့ပါ” ဟု ခနဲ့တဲ့တဲ့ အကြံပြုခဲ့သည်။

ရှားလုတ်ဗီလီမြို့၌ ပြုလုပ်ခဲ့သော ထိုလူထုချီတက်ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများနှင့် ၄င်းတို့ကိုဆန့်ကျင်သူများ ကြား၌ ပြင်းထန်သော အထိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags