ဒေသန္တရအမိန့်ဖြင့် ကြက်ဥကြက်သားကုန်သွယ်မှု ပိတ်ဆို့ခြင်းအား ပြန်သုံးသပ်ရန် ပြည်ထောင်စုအဆင့်သို့ စာတင်

ဒေသန္တရအမိန့်ဖြင့် ကြက်ဥကြက်သားကုန်သွယ်မှု ပိတ်ဆို့ခြင်းအား ပြန်သုံးသပ်ရန် ပြည်ထောင်စုအဆင့်သို့ စာတင်

တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့တွင် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားမှုမရှိစေရေး ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရအမိန့် ထုတ်ပြန်၍ ကြက်ဥကြက်သား ကုန်သွယ်မှု ပိတ်ဆို့ခြင်းအား ပြန်လည်သုံးသပ်ပေးရန် အမိန့်ထုတ်ထားသော တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ နှင့် ပြည်ထောင်စုအဆင့်ထိ သြဂုတ်(၁၅)ရက်နေ့က မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ စာတင်ထားကြောင်း သိရသည်။

'' ကြက်ငှက်တုပ်ကွေးက ပြည်တွင်းမှာ ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ထားဝယ်မြို့တစ်ခုတည်းမှာ ဖြစ်တာပါ၊ ကချင်ကို အခြားတိုင်းနဲ့ ပြည်နယ်က ကြက်ဥကြက်သား တင်သွင်းခွင့်ပိတ်ထားတယ်၊ မြိတ်တို့၊ လွိုင်ကော်တို့မှာလည်း ဒေသန္တရာအမိန့်ထုတ်ပြီး ပိတ်ထားတယ်၊ အဲလို ပိတ်တော့ စျေးကွက်ရှိတဲ့ နေရာတွေကို သွားခွင့်မရတော့ အခက်အခဲရှိလာတယ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က စာထုတ်ထားတဲ့ကိစ္စကို ပြန်သုံးသပ်ပေးစေချင်ပါတယ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း ကချင်ပြည်နယ် စာထုတ်ထားတဲ့ ကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့ အစိုးရအဖွဲ့ချင်း ညှိနှိုင်းပေးစေချင်ပါတယ်၊ ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ နဲ့ သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူတွေကို ကျွန်တော်တို့ ဒီနေ့ စာတင်ထားပါတယ် '' ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြောသည်။

တိုင်းဒေသကြီး၊ ပြည်နယ်တချို့ နှင့် မြို့တစ်ချို့တွင် ဒေသန္တရာအမိန့် ထုတ်ပြန်၍ ကြက်ဥကြက်သား ကုန်သွယ်ခွင့် ပိတ်ပင်ခြင်းကြောင့် အခက်အခဲများစွာ ရှိကြောင်း၊ နေ့စဉ် ကြက်ဥရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်လျှင် ယခင်က ကြက်ဥအလုံးရေ ခြောက်သောင်းဝန်းကျင် ရောင်းချနေရသော်လည်း ယခုအခါ ကြက်ဥအလုံးရေ နှစ်သောင်းကို မနည်းရောင်းချနေရကြောင်း၊ နေ့စဉ် ရင်းနှီးမြှုပ်နှံမှုအလိုက် နစ်နာဆုံးရှံုးလျက်ရှိကြောင်း ကြက်ဥကြက်သားထုတ်လုပ်ရောင်းချသူများက ဆိုသည်။

'' အခု ကြက်ဥကြက်သားစျေးက ထုတ်လုပ်မှု စရိတ်အောက် စျေးက ကျနေတော့ အခက်အခဲရှိတယ်၊ ပြည်တွင်း စျေးကွက်ကျနေတဲ့အခါ အစိုးရအနေနဲ့ စျေးကွက်ဖော်ပေးဖို့ လိုပါတယ်၊ တရုတ်နဲ့ ထိုင်း နယ်စပ်တွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် တွေမှာ တစ်ဖက်နိုင်ငံက တရားမဝင် ကြက်ဥကြက်သားတွေကို မှီခိုမှု ဖြစ်လာတယ်၊ ဒါကို ပြည်တွင်းက စျေးကွက်ကို ပိတ်လိုက်မယ်ဆိုရင် ပြည်ပက ၀င်ရောက်လာတာတွေကို ပိုပြီး မှီခိုရာဖြစ်သွားပြီးတော့ ပြည်တွင်း မွေးမြူရေးလုပ်ငန်းတွေ ကျဆင်းသွားမှာပါ၊ ဒီကိစ္စက တရားမဝင် ကြက်ဥကြက်သားကို အားပေးသလို ဖြစ်နေတယ် '' ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နေ့စဉ် ကြက်ဥ အလုံးရေ ၁၅ သိန်း၊ ကြက်သား ပိဿာ (၅)သောင်းဝန်းကျင် ထွက်ရှိနေပြီး လက်ရှိ ကြက်ဥကြက်သားခြံထွက်စျေးနှုန်းများမှာ ကြက်ဥတစ်လုံးလျှင် (၆၀)ကျပ် (တစ်ပိဿာလျှင် (၁၇၀၀)ကျပ်ဝန်းကျင်) နှင့် ကြက်သားတစ်ပိဿလျှင် (၁၇၀၀)ကျပ်ဝန်းကျင်ထိ စျေးကျဆင်းလျက်ရှိရာ တစ်လလျှင် ကြက်ဥ စျေးကွက်မှ ကျပ်သိန်းတစ်သောင်းကျော်၊ ကြက်သားစျေးကွက်မှ ကျပ်သိန်းသုံးသောင်းကျော် ဆုံးရှံုးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly