အိန္ဒိယသစ် တည်ထောင်ရန် လွတ်လပ်ရေး နှစ် ရ၀ ပြည့်မြောက်တွင် ဝန်ကြီးချုပ် မိုဒီ တိုက်တွန်း

အိန္ဒိယသစ် တည်ထောင်ရန် လွတ်လပ်ရေး နှစ် ရ၀ ပြည့်မြောက်တွင် ဝန်ကြီးချုပ် မိုဒီ တိုက်တွန်း

နယူးဒေလီ၊ သြဂုတ် ၁၅ ။           ။ ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ရသည့် နှစ် ရ၀ ပြည့်မြောက် ကျရောက်သော သြဂူတ် ၁၅ ရက်တွင် အကျင့်ပျက် ခြစားမှု၊ အကြမ်းဖက်မှုနှင့် ဇာတ်ခွဲခြားမှုများ ကင်းဝေးသော အိန္ဒိယသစ် တည်ထောင်ရေးကို ဝန်ကြီးချုပ် မိုဒီက တိုက်တွန်းပြောကြားလိုက်သည်။

"၂၀၂၀ မကုန်မီမှာ ဇာတ်ခွဲခြားမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အကြမ်းဖက်မှုတွေ ကင်းတဲ့ အိန္ဒိယသစ် ထူထောင်ရေး ကျွန်တော် တိုက်တွန်းပါတယ်။"ဟု နယူးဒေလီရှိ သမိုင်းဝင် ခံတပ်နီတွင် ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနား၌ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ပြောကြားခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်က အာဏာရလာသည့် မိုဒီက ငါးနှစ်အတွင်း အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်းက နိမ့်ပါးသော ပြည်သူများစွာ၏ ဘဝကို ပိုမိုတိုးတက်လာစေမည်ဟုလည်း ပြောသည်။

"၂၀၂၀ မကုန်မီမှာ ဆင်းရဲသားတွေ အိုးပိုင်အိမ် ဖြစ်လာစေရမယ်။ လယ်သမားတွေလည်း ဝင်ငွေနှစ်ဆ ရစေမယ်။ လူငယ်နဲ့ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ များစွာပွင့်လန်းလာစေရမယ်။"ဟု တက်ရောက်နားထောင်လာကြသော လူပရိသတ်အား မိုဒီက ပြောခဲ့သည်။

ပြည်သူများအနေဖြင့် ဗြိတိသျှ လက်အောက်က လွတ်လပ်ရေးအတွက် ရုန်းကန်တော်လှန်ခဲ့စဉ် ကာလကအတိုင်း တူညီသော သံန္ဒိဌာန် စိတ်ပိုင်းဖြတ်မှုတို့ကို ပြသသင့်သည်ဟုလည်း ၎င်းက ဆိုသည်။

"ဇာတ်ခွဲခြားမှု အဆိပ်အတောက်နဲ့ ကွန်မြူနစ်ဝါဒဟာ နိုင်ငံအတွက် ဘယ်တော့မှ အကျိုးရှိစေမှာ မဟုတ်ပါ။ အိန္ဒိယဟာ ဗုဒ္ဓဘုရားနဲ့ ဂန္ဓီတို့ရဲ့ နိုင်ငံပါ။"ဟု တစ်နာရီနီးပါးကြာ မိန့်ခွန်းတွင် မိုဒီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required