BOT လမ်းအသုံးပြုခ ကောက်ခံရငွေ ထက်ဝက်ခန့်လျော့နည်းနေသည်ကို အလေးထားဆောင်ရွက်မည်ဟု ဆို

BOT လမ်းအသုံးပြုခ ကောက်ခံရငွေ ထက်ဝက်ခန့်လျော့နည်းနေသည်ကို အလေးထားဆောင်ရွက်မည်ဟု ဆို

နေပြည်တော် ၊ သြဂုတ် ၁၅ ။         ။ နိုင်ငံအဝှမ်းတွင် B.O.T စနစ်ဖြင့် ဆောင်ရွက်သည့် လမ်းပိုင်းများမှ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ လျော့နည်းရရှိနေသည်ဟူသော ထောက်ပြချက်အပေါ် အလေးထား လိုက်နာဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က သြဂုတ်လ ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော်၊ အစည်းအဝေးတွင် ပြောသည်။

မြန်မာနိုင်ငံတွင် B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် လမ်းအသုံးပြုခ ကောက်ခံရရှိမှုအပေါ် နိုင်ငံတော်သို့ ပေးဆောင်သည့် ၀င်ငွေခွန်မှာ ရသင့်ရထိုက်သည့် အခွန်ငွေ၏ ထက်ဝက်ခန့်သာ ရရှိသည်ဟု လမ်းပိုင်းတစ်ခုကို ဥပမာပေးပြီး ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်၏ ဆွေးနွေးချက်အပေါ် ဦးဝင်းခိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“B.O.T လမ်းပိုင်းများ ကိစ္စနဲ့ ပတ်သက်လို့ ဆန်းစစ်ထောက်ပြခဲ့တဲ့အချက်ကို မှတ်သားပြီး ရှေ့ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေမှာ အလေးထားလိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီး ဦးဝင်းခိုင်က ပြောသည်။

B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် ရန်ကုန်- ပြည် ကားလမ်းပိုင်းမှ လမ်းအသုံးပြုခ ကောက်ခံရရှိမှုအပေါ် သက်ဆိုင်ရာ ကုမ္ပဏီက နိုင်ငံတော်သို့ ရသင့်ရထိုက်သည့် အခွန်ငွေ၏ ထက်ဝက်ခန့်ကိုသာ ပေးသွင်းသည့်သဘောဖြစ်နေကြောင်း သြဂုတ် ၈ရက် ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်ခင်စန်းလှိုင်က အောက်ပါအတိုင်း ထောက်ပြခဲ့သည်။

Max Highway Company က တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန်- ပြည်လမ်းပိုင်းသည် လွှတ်တော်အမတ်များ၏ လေ့လာတွေ့ရှိချက်အရ ညတစ်ရက်လျှင် ယာဉ်အစီးရေပေါင်း ၂,၀၀၀ ကျော် ဖြတ်သန်းသွားလာနေပြီး လမ်းအသုံးပြုခအဖြစ် တစ်လျှင် ကျပ်သိန်း ၈,၀၀၀ ကျော် ပျဉ်းမျှ ရရှိသည်ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

B.O.T ပဋိညာဉ်စာချုပ်အရ လမ်းအသုံးပြုခ ကောက်ခံရရှိမှုအပေါ် နိုင်ငံတော်က ရရှိသည့် ၀င်ငွေခွန် ၅ ရာခိုင်နှုန်းဖြင့် တွက်ချက်မည်ဆိုပါက အထက်ပါ လမ်းပိုင်းအတွက် နိုင်ငံတော်က တစ်လလျှင် ကျပ်သိန်း ၄၀၀ ရရှိမည်ဖြစ်ပြီး ၁၅လ ဆိုပါက ကျပ်သိန်း ၆,၀၀၀ ရရှိမည် ဖြစ်သည်။

သို့သော် “ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးက ဇူလိုင်လ ၁၂ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို လာရောက်ပြောကြားတဲ့အခါမှာတော့ ရန်ကုန်-ပြည် လမ်းပိုင်းနဲ့ပတ်သက်တဲ့ နိုင်ငံတော်ဝင်ငွေဟာ သိန်းပေါင်း ၃,၆၀၀ကျော်ပဲ ရှိတယ်လို့ သိရတဲ့အတွက်ကြောင့် နိုင်ငံတော်အနေနဲ့ ရသင့်၊ ရထိုက်တဲ့ အခွန်ငွေရဲ့ တစ်ဝက်လောက်သာ ရရှိနေသလို ဖြစ်နေတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ထောက်ပြခဲ့သည်။

အဆိုပါ အချက်အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင်လည်း ထည့်သွင်းထားခြင်းမရှိဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ဒေါ်ခင်စန်းလှိုင်၏ ထောက်ပြချက်နှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က “BOTအဖွဲ့အားလုံးကို စစ်ဆေးကြပ်မတ်နိုင်ရန် Task Force အဖွဲ့အား ဖွဲ့စည်းထားပြီး စစ်ဆေးလျက်ရှိပါတယ်။ ပဋိညာဉ်စာချုပ်ပါ အချက်အလက်များကို လိုက်နာတဲ့ ကုမ္ပဏီများရှိသကဲ့သို့ လိုက်နာလုပ်ဆောင်ခြင်းမရှိသည့် ကုမ္ပဏီများကို လည်း တိကျစွာ အရေးယူဆောင်ရွက်ထားကြောင်း” ယနေ့ အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်ခင်စန်းလှိုင်ကမူ “မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အနေနဲ့ B.O.T စနစ်နဲ့ ဆောင်ရွက်နေတဲ့ လမ်းပိုင်းတွေ က ရရန်ရှိတဲ့ ငွေတွေ တကယ်တိုင်းပြည်အတွက် ရရဲ့လား၊ ဘယ်လိုနေရာတွေ ကနေပြီးတော့ ဘာကြောင့် မရတာလဲ ။ အဲ့ဒါလေးတွေကို သက်ဆိုင်ရာဝန်ကြီးဌာန အနေနဲ့ ကြပ်မတ် ထိန်းကျောင်းပေးဖို့ရာနဲ့ နောင်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး က အစီရင်ခံတဲ့ အချိန်မှာလည်း ကျွန်မတို့ ဒီလိုအချက်တွေ ပြည့်ပြည့်စုံစုံ ဖော်ပြဖို့ အခုနောက်ပိုင်းမှာတော့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရယ် ငွေစာရင်းပုူးပေါင်းကော်မတီရယ် ဒီနှစ်ခုက ပူးပေါင်းပြီးတော့ ပြန်လည်စိစစ်သုံးသပ် ပြီးတဲ့နောက်မှာ လွှတ်တော်ကို ပြန်ပြီး အစီရင်ခံပါဆိုပြီး ကျွန်မ တို့က ဒါကိုပြန်တင်ပြခဲ့တာပါ” ဟု ယနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly