မောင်တောတွင် ကျပ် သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

မောင်တောတွင် ကျပ် သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

သြဂုတ် ၁၅ ။                   ။ ယမန်နေ့ သြဂုတ် ၁၄ ရက် ညပိုင်းက ဘူးသီးတောင်-မောင်တောသွားကားလမ်းဟောင်းဘေး လှိုဏ်ဂူငယ်အတွင်းရှိ ရေမြောင်းထဲမှ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ပုဆိုး ၁ ထည်နှင့်အတူ ဆာလာအိတ် ၃ အိတ်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆာလာအိတ် ၃ အိတ်အား ဖွင့်ဖောက်စစ်ဆေးရာ WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၉၀၀ ပြားစီပါ  အထုပ် ၄၈ ထုပ် အတွင်းမှ ငွေကျပ် ၉၅၀၄ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၇၅၂၀၀ ပြားကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

မောင်တော ၆ မိုင် စစ်ဆေးရေးဂိတ်မှ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၄ ရက် ည ၈ နာရီတွင် ဘူးသီးတောင်-မောင်တောသွားကားလမ်းဟောင်း ဘေး လှိုဏ်ဂူငယ်အတွင်းရှိ ညာဖက်ရေမြောင်းထဲမှ ယင်းဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

တရားခံများ စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေး တောင်ဘဇာနယ်မြေစခန်း၌ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required