မာလီနိုင်ငံတွင် ကုလ အခြေစိုက်စခန်းများ တိုက်ခိုက်ခံရ၍ ကိုးဦး သေဆုံး

မာလီနိုင်ငံတွင် ကုလ အခြေစိုက်စခန်းများ တိုက်ခိုက်ခံရ၍ ကိုးဦး သေဆုံး

သြဂုတ် ၁၅ ။             ။ အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလီမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်က ကုလ အခြေစိုက်စခန်းနှစ်ခုကို လက်နက်ကိုင်တွေ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ကိုးဦး သေဆုံးသွားခဲ့တယ်လို့ ကုလသမဂ္ဂက က ထုတ်ပြန်ပြောကြားပါတယ်။

ယခု တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေမှာ ကုလ ငြိမ်းချမ်းရေးစောင့်ကြည့်သူတစ်ဦး၊ ကန်ထရိုက်တာတစ်ဦးနဲ့ မာလီနိုင်ငံသား ခုနစ်ဦး တို့ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ယင်းနေ့အစောပိုင်းက မော့တီ ဒေသအလယ်ပိုင်း ဒိုရင်ဇာမြို့မှာ ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ကုလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယင်းဖြစ်စဉ် ပေါ်ပေါက်ပြီး နာရီပိုင်းအကြာမှာပဲ နိုင်ငံအနောက်မြောက် တင်မ်ဘက်တူမြို့မှာရှိတဲ့ ကုလ စခန်းတစ်ခုမှာ တိုက်ခိုက်ခံရမှုကြောင့် ခုနစ်ဦး သေဆုံးသွားခဲ့တယ်လို့လည်း ကုလသမဂ္ဂက သီးခြားထုတ်ပြန်သွားခဲ့ပါတယ်။

ယခုလို မာလီနိုင်ငံမှာ ကုလစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြင်းပြင်းထန်ထန် ပြစ်တင်ပြောကြားသွားခဲ့ပြီး ဒီလိုမျိုး ကုလအမှုထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာဥပဒေတွေအရ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ  ယခုလို တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေမှာ ကျူးလွန်သူအဖွဲ့အစည်းတရားခံတွေကို စုံစမ်းဖော်ထုတ်အရေးယူသွားဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလလုံခြံုရေးကောင်စီက မာလီအစိုးရကို တိုက်တွန်းပြောကြားသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required