ဆောက်သမ်တန်အသင်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျိရှန်းကောင်း ၀ယ်ယူ

ဆောက်သမ်တန်အသင်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျိရှန်းကောင်း ၀ယ်ယူ

သြဂုတ် ၁၅၊ အင်္ဂလန် ။          ။ တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျိရှန်းကောင်းနှင့်မိသားစုသည် ဆောက်သမ်တန်အသင်း၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီ ဖြစ်သည်။

ဆောက်သမ်တန်အသင်းကို ၀ယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ကျိရှန်းကောင်း၏ကုမ္ပဏီ Lander Sports Development က ကြေညာခဲ့သော်လည်း ယခုမှ အပြီးသတ်ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

ဆောက်သမ်တန်အသင်းပိုင်ရှင်ဟောင်း မားကပ်စ်၏သမီးဖြစ်သူ ကက်သရင်းလီဟာက ယနေ့သည် ဆောက်သမ်တန်အသင်းအတွက် အသစ်ပြန်လည်စတင်ခြင်းဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းသည့် စာမျက်နှာအဖွင့်တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကက်သရင်းမှာ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဆက်လက် ပိုင်ဆိုင်ထားမည် ဖြစ်သည်။

ကျိရှန်းကောင်းကလည်း ကက်သရင်းတို့နှင့်အတူ ဆောက်သမ်တန်အသင်း၏ ပါတနာများဖြစ်လာရသည့်အတွက် ဂုဏ်ယူကြောင်းနှင့် အတူတကွလက်တွဲပြီး အသင်းကို တိုးတက်အောင်   ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောသည်။

အင်္ဂလန်တွင် ဗီလာ၊ ဘာမင်ဂမ်၊ ၀ုဗ်၊ ရီးဒင်းနှင့် ၀က်စ်ဘရွန်းအသင်းများကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ပိုင်ဆိုင်ထားကြသည်။ မန်စီးတီးအသင်းတွင်လည်း ရှယ်ယာ ၁၃ ရာခိုင်နှုန်း(တန်ဖိုး ပေါင် ၂၆၅ သန်း)ကို တရုတ်လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် ဘောလုံးလောကအတွင်းသို့ ထိုးဖောက်ဝင်ရောက်လျက်ရှိနေကြပြီး ယခုနှစ်တွင် အေစီမီလန်အသင်းကိုလည်း ၀ယ်ယူကာ အကြီးအကျယ်ပြင်ဆင်မှု ပြုလုပ်ထားသည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly