ကမ္ဘာ့ချန်ပီယံဆုကို ရ ကြိမ်မြောက် စံချိန်တင် ကာကွယ်လိုက်တဲ့ ဘီဘီယာနိုဖာနန်ဒက်စ်

ကမ္ဘာ့ချန်ပီယံဆုကို ရ ကြိမ်မြောက် စံချိန်တင် ကာကွယ်လိုက်တဲ့ ဘီဘီယာနိုဖာနန်ဒက်စ်
 

လျှင်မြန်လွန်းတာကြောင့် “The Flash” လို့ အမည်ရတဲ့ ဘရာဇီးဖိုက်တာဘီဘီယာနိုဖာနန်ဒက်စ်ဟာ မကာအိုပွဲစဉ်မှာ သူ့ရဲ့ ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရ ကြိမ်မြောက် စံချိန်တင် ကာကွယ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက One Championship ရဲ့ ဘင်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရရှိထားတဲ့ ဖာနန်ဒက်ဇ်ဟာ စိန်ခေါ်သူ ပြိုင်ဘက်ခြောက်ဦးစလုံးကို အနိုင်ယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ သူ့ကို စိန်ခေါ်လာသူက အမေရိကန်ဖိုက်တာ အန်ဒရူးလီရွန်ပဲ ဖြစ်ပါတယ်။ လီရွန်ကလည်း ခေသူတော့မဟုတ်ပါဘူး။ ဖာနန်ဒက်ဇ်လိုပဲ ဂျူဂျစ်ဆုမှာ ခါးပတ်အနက်အဆင့်ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီခါးပတ်လုပွဲကို အကြိတ်အနယ်ဖြစ်လာမယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ်တမ်း ပွဲလွှတ်လိုက်တဲ့အခါမှာတော့ မြန်ဆန်လွန်းလှတဲ့ The Flash က ပထမအချီ ၁ မိနစ်နဲ့ ၄၇ စက္ကန့်မှာပဲ ပွဲဖြတ်လိုက်နိုင်ပါတယ်။

လွှတ်လိုက်ပြီဟေ့ဆိုကတည်းက ဖာနန်ဒက်ဇ်ဟာ လီရွန်ကို တရစပ်တိုက်ခိုက်ပါတော့တယ်။ ကြိုးဝိုင်းထောင့်ရောက်သွားချိန်မှာ ဖာနန်ဒက်ဇ်ဟာ လီရွန်ကို အနီးကပ်ဒူးတစ်လုံးပစ်သွင်းလိုက်ပါတယ်။ ဒီဒူးတိုက်ချက်ကြောင့် လီရွန်အထိနာကာ ဟန်ချက်ပျက်သွားချိန်မှာ ဖာနန်ဒက်ဇ်က တရစပ်ထိုးသတ်ပါတော့တယ်။

အပေါ်ကချုပ်ပြီး မြန်ဆန်လွန်းတဲ့ လက်သီးချက်တွေကြောင့် လီရွန်နလန်မထူနိုင်တော့ပါဘူး။ ဖာနန်ဒက်ဇ်က ဒိုင်ကို ပွဲသိမ်းဖို့ ပြောပေမယ့် လီရွန်က အရှုံးမပေးတာကြောင့် ဒိုင်က ဆက်လွှတ်ပေးထားခဲ့ပါတယ်။ ဒါကြောင့် ဖာနန်ဒက်ဇ်ဟာ လီရွန်ကို နောက်တစ်ကြိမ်ချုပ်ပြီး နောက်ကနေ လည်ပင်းကို ညှစ်ထားလိုက်ပါတယ်။ လီရွန်ဘယ်လိုမှ မခံနိုင်တော့ဘူး လက်ပုတ်ကာ အရှုံးပေးလိုက်ရပါတော့တယ်။

ဖာနန်ဒက်ဇ်အတွက် ၂၁ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး ၁၃ ပွဲဆက်တိုက် အနိုင်ရရှိတဲ့ ပွဲလည်း ဖြစ်ပါတယ်။ အန်ဒရူးလီရွန်အတွက်တော့ ၃ ပွဲမြောက်ရှုံးပွဲကြုံသွားတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required