နမ္မတီး စစ်ရှောင်ဒုက္ခသည်များအတွက် ယာယီအဆောက်အအုံ၊ မိုးကာ နှင့် စားနပ်ရိက္ခာများ လိုအပ်နေ

နမ္မတီး စစ်ရှောင်ဒုက္ခသည်များအတွက် ယာယီအဆောက်အအုံ၊ မိုးကာ နှင့် စားနပ်ရိက္ခာများ လိုအပ်နေ

သြဂုတ်လ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။            ။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ခွဲ နမ္မတီးမြို့သို့ ရောက်ရှိလာသော ကချင်စစ်ပြေးဒုက္ခသည် ၁၁၀၀ ကျော်အတွက် ယာယီအဆောက်အအုံ၊ စားနပ်ရိက္ခာနှင့် အဝတ်အစားများ လိုအပ်နေသည်ဟု သိရသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ တပ်ဖွဲ့များနှင့် တပ်မတော်တို့အကြား နမ္မတီးမြို့မှ ၁၃ မိုင်အကွာအဝေးရှိ ကဆုန်းကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသားများ ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် စားနပ်ရိက္ခာနှင့် အဝတ်အစားများ လိုအပ်နေခြင်း ဖြစ်သည်။

 “အခု ကေဘီစီဘုရားကျောင်းမှာက ၅၉၇ ရှိပြီ။ အကုန်လုံး ခန်းမမှာဘဲ စုအိပ်နေကြတယ်ဆိုတော့ အဆောက်အအုံတွေ ဆောက်ဖို့ လိုနေတယ်။ အစားအသောက်ကလည်း အသင်းတော်ကနေ အလှူရှင်တွေ လာကူညီတာတွေနဲ့ဘဲ ချက်ကျွေးနေကြတယ်။ အလိုအပ်ဆုံးက သူတို့ကို နေဖို့ ယာယီအဆောက်အအုံ ဆောက်ပေးဖို့ မိုးကာ၊ ဝါးတွေ လိုအပ်နေတယ်”ဟု နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာလရိန်ကလည်း မဇ္စျိမကို ပြောသည်။

“ဒီမှာက လူအများနဲ့ ကြပ်နေအောင် အိပ်နေကြရတာ။ အစစအရာရာ အကုန်ခက်ခဲတယ်။ နေရာထိုင်ခင်းက အစ အကုန်ခက်နေကြတယ်”ဟု နမ္မတီးမြို့ လမ်ဘရော့ယန် ကက်သလစ်အသင်းတော်မှ အထွေထွေ အတွင်းရေးမှူး ဦးလဂျာက ပြောသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ထိ ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ယန်ကျေးရွာသားများ နမ္မတီးမြို့ လမ်ဘရော့ယန် ကက်သလစ် ဘုရားကျောင်းတွင် စစ်ရှောင် ၅၅၂ ဦးရောက်ရှိလာကာ   နှစ်ခြင်းအသင်းတော်တွင် ပေါင်း ၅၉၇ ဦး ကျော်ရှိပြီး စုစုပေါင်း (၁၁၄၉) ဦး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များအား ကချင်လူမှုအဖွဲ့အစည်းများက တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများဖြင့်သာ စားသောက်နေရသဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များအား သွားရောက် ကူညီခဲ့သူ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“အခုချိန်က သူတို့က ရုတ်တရက် ထွက်ပြေးလာတာ အဝတ်တစ်ထည်ကိုယ်တစ်ထည်နဲ့ပဲ ထွက်ပြေးလာတာ။ အကျီ်တွေ၊ အိပ်ယာတွေ ဘာမှ မပါလာကြဘူးဆိုတော့ အဝတ်အစားတွေ၊   ခြင်ထောင်တွေ လိုတယ်။ စားသောက်ဖို့လည်း အရေး တကြီးလိုတယ်။ နောက်ပြီး မိုးတွင်းဆိုတော့ ဖျားနာတာတွေရှိတော့ ဆေးဝါးတွေ လိုနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ယခုအချိန်တွင် ဘုရားကျောင်းခန်းမများတွင်သာ ကြပ်တည်းစွာ ခိုလှုံနေရပြီး အချိန်ကြာလာပါက စစ်ပြေး ဒုက္ခသည်များ နေထိုင်ရန် ယာယီအဆောက်အအုံများ ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု သူက ပြောသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များအတွက် လိုအပ်သည့် အကူအညီများ ထောက်ပံ့ရန်နှင့် ဒုက္ခသည်များ မိမိနေရပ်သို့ ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရက ကူညီဖြေရှင်းပေးရန် ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာရေးသားပေးပို့ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သူက ပြောသည်။

“ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ PCG က ပြည်နယ်အစိုးရကို စာရေးဖို့ ပြင်နေပြီ။ စစ်ရှောင်တွေ နေရပ်ရင်း ပြန်နိုင်ဖို့ ပြည်သူတွေ တောင်းဆိုတဲ့အကြောင်း အစိုးရကို စာပေးပို့မယ်။ ဒါကြောင့် အမြန်ဆုံး ပြန်နိုင်ရေး အတွက် အစိုးရကနေ ညှိနှိုင်းပေးဖို့ စာပေးပို့မယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

တိုက်ပွဲကြောင့် ပိတ်မိနေသော ကဆုန်းကျေးရွာသားနှင့် ဇွပ်မိုင်ယန် ကျေးရွာသား ၃၀၀ ကျော်ကိုလည်း သြဂုတ်လ ၁၃ ရက်နေ့က PCG အဖွဲ့ အပါအဝင် KBCနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက တပ်မတော်နှင့် KIA တို့နှင့် သွားရောက် ညှိနှိုင်းကာ ခေါ်ယူနိုင်ခဲ့သည်ဟု သူက ပြောသည်။

လက်ရှိ ဒုက္ခသည် ၁၁၀၀ ကျော်တွင် အမျိုးသမီးနှင့် ကလေးငယ် ပိုမိုများပြားကာ အမျိုးသမီးများနှင့် ပတ်သက်သည့် အသုံးအဆောက် ပစ္စည်းများ လိုအပ်နေသည်ဟု စစ်ပြေးဒုက္ခသည်များကို သွားရောက် ကြည့်ရှုခဲ့သော မြစ်ကြီးနားမြို့ အခြေစိုက် ထွယ်အမျိုးသမီးများနှင့် ဖွံ့ြုဖိုးရေးဖောင်ဒေးရှင်းမှ တာဝန်ခံ ဒေါ်နန်ပူက ပြောသည်။

“သူတို့က ဟောခန်းမှာ သမံသလင်းပေါ် မိုးကာခင်းပြီး နေကြတာ။ မိုးကလည်း ရွာ။ စိုစိုစွတ်စွတ် အဝတ်အစားတွေ လှမ်းထားတာလဲ မိုးရွာတော့ မခြောက်ဘူး။ ကလေးတွေရဲ့ ဘောင်ဘီလဲဖို့က မရှိ။ အဝတ်အစားမလောက်၊ အမျိုးသမီးတွေဆိုရင်လည်း လဲဖို့က မရှိဆိုတော့ အရမ်း ဒုက္ခရောက်နေတာ တွေ့ရတယ်။ ကျွန်မတို့ တတ်နိုင်သလောက် ပေးတာတွေလည်း မလောက်ဘူး”ဟု သူက ပြောသည်။

ထို့ပြင် ရေနှင့် အိမ်သာများလည်း အရေးတကြီး ဆောက်လုပ်ပေးရန် လိုအပ်နေပြီး အထူးသဖြင့် လက်ရှိ အခြေအနေအရ ခန်းမဆောင်တွင် စုပေါင်းနေထိုင်နေရသဖြင့် အမျိုးသမီး မိန်းကလေးငယ်များအတွက် လုံခြံုမှု မရှိသဖြင့် ပိုမိုစိုးရိမ်နေရသည်ဟု သူက ပြောသည်။

အလှူရှင်များက ဆန်၊ အဝတ်အစား၊ ဆေးများ သတ်နိုင်သလောက် လာရောက် ထောက်ပံ့မှုများ ရှိသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကာ ရေနှင့် အိမ်သာ အရေးပေါ် လိုအပ်နေသဖြင့် ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းနှင့် ညှိနှိုင်းနေကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် လွှတ်တော်အမတ် ဒေါ်မရန်ဂျာဆိုင်းခေါန်က ပြောသည်။ 

သြဂုတ်လ ၁၀ ရက်နေ့မှစတင်၍ ကဆုန့်ကျေးရွာအနီးတွင် တပ်မတော်နှင့် KIA တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required