ဘင်္ဂါလီများအား မြန်မာနိုင်ငံဘက် ပြန်ပို့ရန် အိန္ဒိယ စီစဉ်နေ

.

သြဂုတ် ၁၅ ။                    ။ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေထိုင်လျက်ရှိတဲ့ ဘင်္ဂါလီ မွတ်ဆလင် ၄၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အစိုးရက စီစဉ်နေပြီ ဖြစ်ကြောင်း အိန္ဒိယ၀န်ကြီးတစ်ဦးက ပြောဆိုလိုက်ပါတယ်။

လက်ရှိ နိုင်ငံမှာ နေထိုင်နေလျက်ရှိတဲ့ အဆိုပါ မွတ်ဆလင်တွေဟာ တရားမ၀င် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ဖြစ်ကြကြောင်း၊ ကုလ ဒုက္ခသည်အေဂျင်စီမှာ မှတ်ပုံတင်ထားတယ်ဆိုပေမယ့် မိမိတို့နိုင်ငံအတွက်တော့ အကျုံးမ၀င်ကြောင်း အိန္ဒိယ ဒုတိယပြည်ထဲရေးဝန်ကြီး ကိုင်ရင် ရီဂျူဂျူက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အဆိုပါ ဘင်္ဂါလီတွေအပါအ၀င် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး ပြည်တွင်းကနေ နှင်ထုတ်ဖို့ ဗဟိုအစိုးရက သက်ဆိုင်ရာပြည်နယ်အာဏာပိုင်တွေကို ညွှန်ကြားခဲ့ကြောင်း ကိုင်ရင်က ပြောပါတယ်။

ကုလသမဂ္ဂ UNHCR ကလည်း အိန္ဒိယမှာရှိတဲ့ ဘင်္ဂါလီ မွတ်ဆလင် ၁၆,၅၀၀ လောက်ကို အထောက်အထားကဒ်တွေ ထုတ်ပေးထားတယ်ဆိုပေမယ့် ဒါဟာ အကျုံးမ၀င်ကြောင်း၊ အိန္ဒိယနိုင်ငံအနေနဲ့ ကုလ ဒုက္ခသည်စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း၊ ဒါကြောင့် တရားမ၀င် နေထိုင်သူမှန်သမျှကို ပြန်ပို့ရမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ယခုလို ဘင်္ဂါလီ ဒုက္ခသည်တွေကို နိုင်ငံကနေ နှင်ထုတ်မယ့် အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ များစွာ စိုးရိမ်ပူပန်မိနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ထုတ်ပြန်ပြောကြားသွားတယ်လို့ သိရပါတယ်။