အရန်အသင်းနှင့်လေ့ကျင့်ခန်းပြုလုပ်ရန် ဒီယေဂိုကော်စတာ ငြင်းဆန်

အရန်အသင်းနှင့်လေ့ကျင့်ခန်းပြုလုပ်ရန် ဒီယေဂိုကော်စတာ ငြင်းဆန်

သြဂုတ် ၁၅၊ အင်္ဂလန် ။               ။ အသင်းသို့ပြန်လာပြီး အရန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းရန် ချယ်လ်ဆီးအသင်းက ညွှန်ကြားခဲ့ခြင်းအား တိုက်စစ်မှူး ဒီယေဂိုကော်စတာက ငြင်းဆန်လိုက်သည်။

ကော်စတာသည် ပြီးခဲ့သည့် ၂ ပတ်ကတည်းက အသင်းသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းပို့ရမည်ဖြစ်သော်လည်း သတင်းမပို့ပဲ မွေးရပ်မြေဘရာဇီးတွင်သာ ဆက်ရှိနေခဲ့သည့်အတွက်   နှစ်ပတ်စာလစာငွေ ဒဏ်ရိုက်ခံခဲ့ရသည်။

ကော်စတာမှာ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၈၀,၀၀၀ ရရှိနေသူ ဖြစ်ပြီး ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးသူ ဖြစ်သည်။ နည်းပြကွန်တီက ၎င်းကို မလိုမရှိတော့သည့်အတွက် ကော်စတာက ဘရာဇီးတွင်သာ ကိုယ်ပိုင်လေ့ကျင့်ခန်းများပြုလုပ်နေပြီး အက်သလက်အသင်းထံ ပြောင်းခွင့်ပြုရန် တောင်းဆိုထားသည်။

ချယ်လ်ဆီးအသင်းကလည်း ကော်စတာကို အက်သလက်အသင်းထံရောင်းချလျှင်တောင် ၎င်းမှာ အသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးသည့်အတွက် အသင်းသို့ ပြန်လာပြီး ပွဲကစားနိုင်လောက်သည့် ကြံ့ခိုင်မှုမျိုးပြန်ရဖို့ လေ့ကျင့်ရန် ညွှန်ကြားခဲ့သည်။

“ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးဖို့ ကျွန်တော်စောင့်နေပါတယ်။ သူတို့ မလိုချင်ပဲနဲ့ ဘာကြောင့် ကျွန်တော့်ကို ပေးမသွားတာလဲ။ ကျွန်တော် အက်သလက်ကို သွားချင်ပါတယ်။ နည်းပြက ကျွန်တော့်ကို မလိုချင်ရင် အက်သလက်ကိုသွားခွင့်ပေးဖို့လည်း ချယ်လ်ဆီးအသင်းဒါရိုက်တာကို ပြောပြီးပါပြီ။

သူတို့က ကျွန်တော့်ကို အရန်အသင်းနဲ့ လေ့ကျင့်စေချင်ပါတယ်။ ပထမအသင်းကြီးက ကစားသမားတွေနဲ့ တွေ့ခွင့်မရသလို အဝတ်လဲခန်းကိုလည်း သွားခွင့်မပေးပါဘူး။ ကျွန်တော့်ကို ဒီလို ဆက်ဆံနေတာက တရားမမျှတဘူးလို့ ထင်ပါတယ်။ ကျွန်တော်က အပြစ်သားမဟုတ်ပါဘူး” ဟု ကော်စတာက ပြောသည်။

ချယ်လ်ဆီးအသင်း၏ စီနီယာကစားသမားအချို့ကလည်း ကော်စတာကို ထောက်ခံခဲ့ကြသည်။ သို့သော် ထိုကစားသမားများမှာလည်း နည်းပြကွန်တီ၏ ဥပေက္ခာပြုခြင်း ခံရမည်ကို စိုးရိမ်နေကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly