လွတ်လပ်ရေးနေ့အကြိုတွင် ဆိုးလ်မြို့က လိုင်းကားများပေါ် စစ်တွင်းလိင်ကျေးကျွန်ရုပ်တုများ စတင်ထားရှိ

လွတ်လပ်ရေးနေ့အကြိုတွင် ဆိုးလ်မြို့က လိုင်းကားများပေါ် စစ်တွင်းလိင်ကျေးကျွန်ရုပ်တုများ စတင်ထားရှိ

ဆိုးလ်၊ သြဂုတ် ၁၅ ။                ။ တောင်ကိုရီးယားနိုင်ငံတွင် ၁၉၁၀-၄၅ ဂျပန် သိမ်းပိုက်မှုမှ လွတ်လပ်ရေးရေးရသည့် နှစ်ပတ်လည်နေ့ မတိုင်မီ တစ်ရက်အလို သြဂုတ် ၁၄ ရက်တွင် ဆိုးလ်မြို့တွင်းရှိ ဘတ်စ်ကားများပေါ် စစ်တွင်းလိင်ကျေးကျွန် သင်္ကေတ အမျိုးသမီး ရုပ်တုများကို နေရာပေး ထားရှိပြီး မြို့အနှံ့ စတင် ပြေးဆွဲပေးလျက်ရှိနေသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က ဆောင်ကြာမြိုင်များတွင် အတင်းအဓမ္မ လိင်ကျွန်ပြုခံရသူ အမျိုးသမီးပေါင်း နှစ်သိန်းကျော်ရှိပြီး အများစုမှာ ကိုရီးယားအမျိုးသမီးများ ဖြစ်ကာ တရုတ်အပါအဝင် ကျန်အာရှဒေသများမှ အမျိုးသမီးများလည်း ဂျပန်စစ်သားများ၏ လိင်ကျေးကျွန် သားကောင်ဖြစ်ခဲ့ရသည်။

အာရှအိမ်နီးချင်း နှစ်နိုင်ငံ ဂျပန်နှင့် တောင်ကိုရီးယား၏ ဆက်ဆံရေးအပေါ် ဆယ်စုနှစ်များစွာ မကျေမလည် ဖြစ်နေစေသည့် လိင်ကျွန်ပြုခံ အမျိုးသမီးများ၏ ပြဿနာသည် စိတ်ထိခိုက်ခံစားလွယ်စေသည့် ပြဿနာလည်း ဖြစ်နေသည်။ ဂျပန် အုပ်ချုပ်စဉ်ကာလတစ်လျှောက်တွင် များစွာသော တောင်ကိုရီးယားများမှာ မဖွယ်မရာ ပြုမူကျင့်ကြံခြင်းများ ခံခဲ့ရသည်။

မကြာသေးမီ နှစ်များအတွင်း တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများသည် စစ်တွင်းလိင်ကျေးကျွန် အမျိုးသမီးများ၏ သင်္ကေတရုပ်တုများအဖြစ် ရိုးရာဝတ်စုံဖြင့် ဖိနပ်ခြေညှပ် ဗလာမပါရှိသော ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးငယ်လေးများ ပုံကို ထုလုပ်ကာ အများပြည်သူဆိုင်ရာ နေရာများတွင် ထားရှိလာကြသည်။

ဆိုးလ်မြို့ရှိ ဂျပန်သံရုံးအပြင်ဖက်တွင် စစ်တွင်းလိင်ကျွန် အမျိုးသမီး ရုပ်တု ထားရှိလာခြင်းကြောင့် တိုကျိုအနေဖြင့် စိတ်ဆိုးအမျက်ထွက်စရာဖြစ်ခဲ့သည်။ ၂၀၁၅ ဒီဇင်ဘာတွင်   တောင်ကိုရီးယားကို   တောင်းပန်ရန်နှင့် သက်ရှိထင်ရှားရှိဆဲ လိင်ကျေးကျွန်ဖြစ်ခဲ့ရသော အမျိုးသမီးများအတွက် ဖောင်ဒေးရှင်း တည်ထောင်ရေး ယန်းတစ်ဘီလီယံ(အမေရိကန်ဒေါ်လာ ကိုးသန်း) မတည်ရန် ဂျပန်က သဘောတူပြီးနောက်မှ သံရုံးရှေ့က လိင်ကျေးကျွန်ရုပ်တုကို ဖယ်ရှားရန် တွန်းအားပေးနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် မြို့တွင်းပြေးဆွဲနေသော လိုင်းကားကုမ္ပဏီတစ်ရပ်က လိင်ကျွန်ပြုခံ အမျိုးသမီးများအား မမေ့လျော့သွားရန်အတွက် ဆိုးလ်မြို့တွင်း ပြေးဆွဲသော ဘတ်စ်ကားငါးစီးပေါ်တွင် ယခုကဲ့သို့ လိင်ကျေးကျွန်ရုပ်တုကို ထားရှိလာခြင်းဖြစ်သည်။

မြို့လယ်ရှိ ဂျပန်သံရုံးရှေ့ကိုပါ ဖြတ်သော ယင်းလိုင်းကားများပေါ်တွင် အသံလွှင့်စပီကာမှတစ်ဆင့် စစ်တွင်းလိင်ကျွန်အမျိုးသမီးများ၏ အကြောင်းကို ရှင်းပြခြင်းများလည်း ပြုလုပ်သည်။

“ကျွန်တော်တို့ ကြံုခဲ့ရတဲ့ နာကျင်ဖွယ် သမိုင်းကို မမေ့ဖို့ ပြည်သူတွေကို တိုက်တွန်းလိုတာဖြစ်ပါတယ်။”ဟု Dong-A Traffic Service ယာဉ်ကားလိုင်းကုမ္ပဏီ အကြီးအကဲ Rim Jin-Wook က ပြောသည်။

စစ်တွင်း လိင်ကျေးကျွန်းအမျိုးသမီး ရုပ်တုများကို ယခု လိုင်းကားများပေါ်တွင် စက်တင်ဘာနောက်ပိုင်းအထိ ထားရှိမည်ဖြစ်ပြီး ယင်းနောက်တွင် အများပြည်သူဆိုင်ရာ နေရာများသို့ သွားရောက်ထားရှိကာ အမြဲတမ်း ပြသထားမည်ဖြစ်ကြောင်း ၄င်းက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required