ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနကို သတင်းမီဒီယာကောင်စီထံ တိုင်ကြားထားဟုဆို

ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနကို သတင်းမီဒီယာကောင်စီထံ တိုင်ကြားထားဟုဆို

ရန်ကုန် ၊ သြဂုတ် ၁၅ ။            ။ ရိုက်တာသတင်းဌာမှ ရေးသားခဲ့သည့် သတင်းတစ်ပုဒ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ရိုက်တာသတင်းဌာနကို သတင်းမီဒီယာကောင်စီထံ တိုင်ကြားထားသည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ယနေ့ သြဂုတ်လ ၁၅ ရက် မနက်ပိုင်းတွင် မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"မနေ့က ညနေက တိုင်ကြားထားတာ၊ ဒီနေ့ အစည်းအဝေးခေါ်ထားတယ်။ အဲ့ဒီအချိန်မှ အကျိုးအကြောင်းသိရမယ်" ဟု ဦးသီဟစောက ဆိုသည်။

ယင်းအစည်းအဝေးကို နေ့လည် ၁၂ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးအပြီးတွင် ပြည်စုံစွာ သိရမည်ဟု ဆိုသည်။

ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည့် သတင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တိုင်ကြားခြင်းဖြစ်သော်လည်း အသေးစိတ်ကို မသိရှိရကြောင်း ဦးသီဟစော၏ပြောဆိုချက်အရ သိရသည်။

သို့သော်လည်း ရိုက်တာသတင်းဌာနမှ သြဂုတ်လ ၆ ရက်နေ့တွင် ရေးသားခဲ့သည့် သတင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိနေပြီး အဆိုပါသတင်းတွင် YBS စနစ်သစ်အတွက် ဘတ်စ်ကားသစ်များ တင်သွင်းရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ပွင့်လင်းမြင်သာမှု အားနည်းစွာ ပြုမူခဲ့ခြင်းများ ရှိနေသည်ဟု ရေးသားဖော်ပြထားသည်။

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် Eleven Media Group ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တိုင်ကြားခဲ့ပြီးနောက် ရိုက်တာသတင်းဌာနသည် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဒုတိယအကြိမ်မြောက် တိုင်ကြားခြင်း ခံရသည့် သတင်းဌာနဖြစ်လာခဲ့သည်။

Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို စာနယ်ဇင်းကောင်စီသို့ တိုင်ကြားပြီးနောက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခဲ့ခြင်းကြောင့် လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly