ဆင်တစ်ကောင် ထပ်မံအသတ်ခံရပြီး ဆင်ခိုးဂိုဏ်းမှ သေနတ်ဖြင့် ပြန်ခုခံမှုဖြစ်ပွား

ဆင်တစ်ကောင် ထပ်မံအသတ်ခံရပြီး ဆင်ခိုးဂိုဏ်းမှ သေနတ်ဖြင့် ပြန်ခုခံမှုဖြစ်ပွား
ဓာတ်ပုံ - Ayeyarwaddy Region Police Force

ပုသိမ်၊ သြဂုတ် ၁၅။    ။ ပုသိမ်ခရိုင်အတွင်း ယခုရက်ပိုင်းအတွင်း ဆင်တစ်ကောင် ထပ်မံအသတ်ခံရပြီး ဆင်ခိုးဂိုဏ်းမှ သေနတ်ဖြင့် ပြန်ခုခံမှုဖြစ်ပွားခဲ့သည်ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၃ ရက်က တောဆင်ရိုင်းများကျက်စားရာ ကျွန်းလျားကြီးကျေးရွာအုပ်စုအတွင်း ဆင်ခိုးဂိုဏ်းများနှင့် ပတ်သက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဒေသအခေါ် (ခရင်ချောင်းဖျား)တွင် ဆင်အား သတ်ပြီး အရေခွံများ ကြပ်တိုက်နေသော အဖွဲ့အား တွေ့ရှိသဖြင့် ၀င်ရောက်ဖမ်းဆီးရန်ဆောင်ရွက်စဉ် ၄င်းတို့ ၃ ဦးက လုပ်သေနတ်တူမီးဖြင့် ပြန်လည်ပစ်ခတ်မည်ပြုခဲ့သည်။

ထို့ကြောင့် သစ်တောလုံခြံုရေးရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် မော်မော်က ၄င်းကိုင်ဆောင်ထားသော BA-63 သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ  ဆင်ခိုးဂိုဏ်းမှ လူ တစ်ဦး၏ ယာဘက်ပေါင်အား ထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး ကျန် နှစ်ဦးမှာ တောထဲသို့ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောရဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  သက်သေများနှင့်အတူ  နယ်မြေရှင်းလင်းစဉ် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဆင်မှာ အာရှဆင်အမျိုးအစားဖြစ်ပြီး ဆင်ထီးတစ်ကောင်ဖြစ်ကြောင်း သိရကာ အစွယ် ၂ စုံပါ ပူးတွဲဖမ်းဆီးရမိခဲ့သည်။

ပုသိမ်ခရိုင်အတွင်း ယခု နှစ်ဝက်အတွင်း တောဆင် ၁၃ကောင် သတ်ဖြတ်ခံရကြောင်း ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းက ပုသိမ်ခရိုင်အတွင်း တောဆင်ရိုင်း၂ ကောင် အဆိပ်လူးမြှား ထိမှန်သေဆုံးခဲ့သေးသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ပုသိမ်ခရိုင်အတွင်း တောဆင်ရိုင်း ၁၃ ကောင်သေဆုံးခဲ့ပြီး ယခုနှစ်တွင် နှစ်ဝက်အတွင်း တောဆင်ရိုင်း ၁၃ ကောင် သတ်ဖြတ်ခံထားရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသောသူတစ်ဦးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly