ဘာစီလိုနာနှင့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်အား တွန်းခဲ့သည့်အတွက် စီရော်နယ်လ်ဒို (၅)ပွဲပယ်ပြစ်ဒဏ်ကျခံရ

ဘာစီလိုနာနှင့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်အား တွန်းခဲ့သည့်အတွက် စီရော်နယ်လ်ဒို (၅)ပွဲပယ်ပြစ်ဒဏ်ကျခံရ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ စပိန်စူပါဖလား ပ-ကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းအား ၃-၁ ဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ကို တွန်းခဲ့တဲ့အတွက် (၅)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေပါပေးဆောင်ရမည်ဖြစ်တယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့က ချမှတ်လိုက်ပါတယ်။

ဘာစီလိုနာအသင်းနှင့်ပွဲစဉ်မှာ စီရော်နယ်လ်ဒိုဟာ ဒုတိယပိုင်းမှ လူစားလဲဝင်ရောက်ကစားခဲ့ကာ ပွဲချိန် မိနစ် ၈၀ တွင် အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးအားသွင်းယူပြီးနောက် အကျင်္ီချွတ်အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပြီး ပွဲချိန် ၈၂မိနစ်အရောက်မှာ ဟန်ဆောင်လဲချခဲ့သည်ဟိုဆိုကာ ဒုတိယ အဝါကဒ်ပြသခံခဲ့ရာ ၂ဝါ ၁နီ ပြသခံခဲ့ရတဲ့အတွက် ၁ ပွဲပယ် ပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်ဒိုင် ရီကာဒိုဒီ ဘာဂို့စ်ဘင်ဂိုချီယားအား ကိုယ်ထိလက်ရောက် လက်ဖြင့် တွန်းခဲ့သဖြင့် နောက်ထပ် ၄ပွဲပယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မိမိအား ဖြေးဖြေးသာသာ တွန်းခဲ့တယ်လို့ အဆိုပါပြိုင်ပွဲအပြီး ကွင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြောင်းနှင့် ပတ်သက်လို့ ဒိုင်လူကြီး ဒီဘာဂို့စ်က ၎င်းရဲ့ အစီအရင်ခံစာမှာ ရေးသားခဲ့ပါတယ်။

လာလီဂါစည်းကမ်းထိန်းသိမ်းရေးရဲ့ စည်းမျဉ်း အပိုဒ် ၉၆ မှာ “ကစားသမားတစ်ဦးက ဒိုင်လူကြီးကို တွန်းခြင်း၊ ဆွဲခြင်း၊ ဆွဲကိုင်လှုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဒိုင်က ထို့အတွက် အစီရင်ခံခဲ့ပါက ၄ ပွဲမှ ၁၂ ပွဲအထိ ပွဲပယ်ခံရမည်ဖြစ်ကြောင်း” ပါရှိပါတယ်။

အသက် ၃၂ ရှိ ပေါ်တူဂီကစားသမားဟာ ဒိုင်ကို တွန်းခဲ့တဲ့အတွက် ဒဏ်ငွေ ယူရို ၃,၀၀၅ နှင့် အနီကတ်ပြစ်ဒဏ်အတွက် ယူရို ၈၀၀ ပေးဆောင်ရမှာဖြစ်သလို ရီးယဲလ်အသင်းကလည်း ဒဏ်ငွေ ယူရို ၁,၄၀၀ နှင့် ၃၅၀ အသီးသီး ပေးရမှာဖြစ်ပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို အယူခံကော်မတီရှေ့မှောက်မှာ ၁၀ ရက်အတွင်း အယူခံတင်သွင်းနိုင်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

စီရော်နယ်လ်ဒိုဟာ အဆိုပါပြစ်ဒဏ်ကြောင့် ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ကစားမယ့် စူပါဖလား ဒု-ကျော့ပွဲစဉ်အား လွဲချော်ရတော့မှာဖြစ်တဲ့အပြင် လာလီဂါ ပြိုင်ပွဲ ၄ပွဲဖြစ်တဲ့ ဒီပို့တီပို (အဝေး)၊ ဗလင်စီယာ (အိမ်)၊ လီဗန်တေး (အိမ်)နှင့် ဆိုစီဒက် (အဝေး)အား လွဲချော်ရတော့မှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required