မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၃ ဦးအား ဖမ်းဆီးရာ ဓားရှည်ဖြင့် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၃ ဦးအား ဖမ်းဆီးရာ ဓားရှည်ဖြင့် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ သြဂုတ်လ ၁၄ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ကညင်းကုန်းကျေးရွာ၊ အနောက်ဘက် တစ်ဖာလုံခန့်အကွာတွင် ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၃ ဦးကို ဖမ်းဆီးခဲ့ရာ ဓားရှည်ဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သြဂုတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ကညင်းကုန်းကျေးရွာ အနောက်ဘက် တစ်ဖာလုံခန့်အကွာတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေသူများ ရောက်ရှိနေကြောင်း သတင်းအရ သြဂုတ်လ ၁၃ ရက်၊ ညနေ ၅ နာရီအချိန်တွင်   မြေလင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲနေကြသည့် ကညင်းကုန်းကျေးရွာနေ အသက် ၄၆ နှစ်အရွယ် မြဦးဆိုသူ၊ အသက် ၄၈ နှစ်အရွယ် သိန်းရွှေဆိုသူနှင့် အသက် ၃၃ နှစ်အရွယ် နီထွေး (ခ) မောင်စိုးဆိုသူတို့ကို အဆိုပါနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ  မူးယစ်ဆေးဝါးသုံးစွဲလျက်တွေ့ရှိသည့် အဆိုပါ ၃ ဦးကို လိုက်လံဖမ်းဆီးရာတွင် သိန်းရွှေ ဆိုသူအား လေး ခွတစ်လက်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး မြဦးဆိုသူက ဓားရှည်ကိုင်ဆောင်ပြီး ရဲတပ်သားနှစ်ဦးကို ပြန်လည် ခုခံရန် ပြေးဝင်လာသဖြင့် ရဲတပ်သားနှစ်ဦးက သေနတ်ဖြင့် တစ်ချက်စီ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ ရဲတပ်သားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် မြဦးဆိုသူ၏ ဝဲလက်မောင်းမှ နောက်ကျော ဘက်သို့ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့ကာ စိုးရိမ်ရသည့် အခြေအနေရှိပြီး   မောင်စိုးဆိုသူမှ တောတန်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားနေရာမှ ဘိန်းဖြူ ဝ ဒသမ ၁၄ ဂရမ်၊ ဓါးရှည် နှစ်ချောင်း၊ လေးခွတစ်လက်၊ လောက်စာလုံးများအား သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် မြဦးဆိုသူ၊ သိန်းရွှေဆိုသူနှင့် ထွက်ပြေး လွတ်မြောက်နေသည့် မောင်စိုးဆိုသူ တို့အား ပင်လည်ဘူးမြို့မရဲစခန်းတွင် မယ (ပ)၆၇/ ၂ဝ၁၇၊ မူး/ စိတ် ပုဒ်မ - ၁၅/၁၆(ဂ)/ ၂၁/ ၂၂(ခ) တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required