ရေကြောင်းခရီးအသုံးပြု၍ သွားလာရသည့် ကျောင်းသား/သူများအား အသက်ကယ်အင်္ကျီများလှူဒါန်း

ရေကြောင်းခရီးအသုံးပြု၍ သွားလာရသည့် ကျောင်းသား/သူများအား အသက်ကယ်အင်္ကျီများလှူဒါန်း
ဓါတ်ပုံ - မင်းသိန်း/RiA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရေကြောင်းခရီးလမ်းကိုအသုံးပြုကာ ကျောင်းတက်နေကြရသည့် ကျောင်းသား/သူများအား ၅၀၀ ဒါနပရဟိတအဖွဲ့မှ သြဂုတ်လ ၁၄ရက် နေ့လည်ပိုင်းက အသက်ကယ်အကျႌများ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

“အသက်ကယ်အကျႌဆိုတာ လူတစ်ယောက်ရဲ့အသက်ကို ကယ်တာလေ။ ကျွန်တော်တို့ ချောင်းကူး၊ မြောင်းကူး ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူရခြင်းဖြစ်ပါတယ်။” ဟု ၅၀၀ ဒါနပရဟိတအဖွဲ့မှ ဦးဆောင်သူ ဦးရဲနောင်က RiA သို့ ပြောသည်။

အဆိုပါကျောင်းတွင် ချောင်းတစ်ဖက်မှ ကျောင်းလာတက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၀၆ ဦးရှိသည့်အနက် အသက်ကယ်အကျႌ (၁၀၀) ကို ပထမဦးဆုံးအကြိမ်အဖြစ်   ပြည်နယ်ပညာရေးမှူး၏ လမ်းညွန်ချက်ဖြင့် လာရောက်လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။

၅၀၀ ဒါနပရဟိတအဖွဲ့သည် လေကြောင်းရဲတပ်ဖွဲ့မှ ကားသမားများနှင့် လေဆိပ်ဝန်ထမ်း ကားသမားများအဖွဲ့တို့ ဦးဆောင်ကာ တစ်လလျှင် ငွေ (၅၀၀) ကျပ် ကောက်ခံပြီး စစ်တွေမြို့ရှိ စိတ်ပါဝင်စားသည့် ဟိုတယ်၊ မိုတယ်ဝန်ထမ်းများ၏ ထည့်ဝင်ငွေဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လှူလိုက်တဲ့ အင်္ကျီအထည် ၁၀၀ သည် အထက(၃)မှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ရဲ့ အသက်ကို ကာကွယ်နိုင်မှာဖြစ်သလို နောက်နောင်မှာလည်း ပုဏ္ဏားကျွန်းနယ်မှာရှိတဲ့   ကျောင်းသားတွေအတွက် အထည် ၃၀၀ ကျော်ကိုလည်း လှူဒါန်းမှာ ဖြစ်တဲ့အတွက် လူအသက် (၄၀၀) ကျော်ကို ကယ်တင်ကာကွယ်နိုင်တယ်လို့ ယုံကြည်ပါတယ်။” ဟု ၎င်းကဆိုသည်။

အထက (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူဦးရေ စုစုပေါင်း (၁၀၀၁) ယောက်ရှိပြီး ရေကြောင်းခရီးဖြင့် ကျောင်းလာတက်ကြသူ (၃၀၆) ဦးရှိကြောင်းနှင့် ၎င်းကျောင်း၏ အနီးအနား ပတ်ဝန်းကျင်မှာ မလုံခြုံသည့်အတွက် လုံခြံုရေးလိုအပ်ကြောင်းလည်း တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required