မြန်မာယူ ၂၂ အသင်း၏ လာမည့်ဆီးဂိမ်းစ်ပွဲစဉ်နှစ်ပွဲကို ရုပ်သံမှတိုက်ရိုက်လွှင့်နိုင်မည်မဟုတ်

မြန်မာယူ ၂၂ အသင်း၏ လာမည့်ဆီးဂိမ်းစ်ပွဲစဉ်နှစ်ပွဲကို ရုပ်သံမှတိုက်ရိုက်လွှင့်နိုင်မည်မဟုတ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

သြဂုတ် ၁၄၊ ရန်ကုန်။                      ။ မလေးရှားနိုင်ငံတွင် ကျင်းပနေသော ဆီးဂိမ်းစ်ပြိုင်ပွဲမှ မြန်မာယူ ၂၂ အသင်း၏ လာမည့်အုပ်စုပွဲစဉ်နှစ်ပွဲကို ရုပ်သံမှတိုက်ရိုက် ထုတ်လွှင့် နိုင်မည် မဟုတ်ဟု   မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV တွင် ကြေညာသွားသည်။

ဆီးဂိမ်းစ်ဘောလုံးပွဲများကို ပြည်တွင်းရုပ်သံလိုင်းများဖြစ်သည့် MRTV နှင့် MRTV 4 တို့က မလေးရှားရုပ်သံလိုင်း Astro၊ Myfree View တို့ထံမှ ဝယ်ယူကာပြသနေသည်။

မြန်မာအသင်း၏ လာမည့်ပွဲစဉ်နှစ်ပွဲဖြစ်သော လာအို၊ ဘရူနိုင်းတို့နှင့်ပွဲများတွင် မလေးရှားရုပ်သံလိုင်းများက ရိုက်ကူးထုတ်လွှင့် မည်မဟုတ်၍   ပြည်တွင်းရုပ်သံလိုင်းများကပါ မပြနိုင်ခြင်းဖြစ်ကြောင်း   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မားကတ်တင်းဒါရိုက်တာ ဦးဆူးအောင်က ပြောသည်။

“မလေးရှားရုပ်သံလိုင်းနှစ်ခုဖြစ်တဲ့ Astro နဲ့ Myfree View ကရိုက်တဲ့ပွဲတိုင်းကို MRTV နဲ့ MRTV 4 က ဝယ်ထားတယ်။ လာအို၊ ဘရူနိုင်းတို့နဲ့ပွဲတွေကျတော့ သူတို့ဘက်က မရိုက်တဲ့အတွက် လွှင့်လို့မရနိုင်ဘူး”ဟု ဘောလုံးအဖွဲ့ချုပ်မားကတ်တင်းဒါရိုက်တာ ဦးဆူးအောင်က ပြောသည်။

မြန်မာယူ ၂၂ အသင်းသည် သြဂုတ် ၁၆ ည ရး၁၅ နာရီတွင် လာအိုအသင်း၊ သြဂုတ် ၁၈ နေ့လယ် ၂း၃၀ နာရီတွင် ဘရူနိုင်းအသင်း၊ သြဂုတ် ၂၁ ည ရး၁၅ နာရီတွင် အိမ်ရှင်မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။

ရုပ်သံလိုင်းမှတိုက်ရိုက်ပြသနိုင်ခြင်းမရှိသည့် လာအို၊ ဘရူနိုင်းတို့နှင့်ပွဲများကို facebook မှ live ပြသနိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းနေကြောင်းသိရသည်။ မလေးရှားနှင့်ကစားမည့်ပွဲတွင်မူ ရုပ်သံမှပြန်လည်ပြသနိုင်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly