လက်ကျန်ပွဲစဉ်များအတွက် ယုံကြည်မှု ရှိသွားပြီဟု မြန်မာနည်းပြ ဂတ်ဇီဆီ ပြောကြား

လက်ကျန်ပွဲစဉ်များအတွက် ယုံကြည်မှု ရှိသွားပြီဟု မြန်မာနည်းပြ ဂတ်ဇီဆီ ပြောကြား

ဆီးဂိမ်းအဖွင့်ပွဲစဉ်တွင် စင်ကာပူအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာယူ-၂၂ အသင်းနည်းပြ ဂတ်ဇီဆီက လက်ကျန်ပွဲစဉ်များကို အနိုင်ရယူရန် အသင်းသားများအားလုံး ယုံကြည်မှု ရှိသွားပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

စင်ကာပူအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူးအောင်သူတစ်ဦးတည်းက အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည်။

ပွဲအပြီးတွင် ဂတ်ဇီဆီက “ဒီနေ့ အဖွင့်ပွဲမှာ အနိုင်ရလို့ ဝမ်းသာပါတယ်။ ဒါက လာမယ့်ပွဲတွေ အတွက် အားလုံး ယုံကြည်မှု ပိုရစေပါတယ်။ ဘောလုံးပေးပို့မှုတစ်ချို့ မှားယွင်းနေသေးပေမယ့် ခြေစွမ်းအရ ဒီနေ့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ စင်ကာပူအသင်းကလည်း အကောင်းဆုံး ကြိုးစားသွားခဲ့ပြီး ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ကိစ္စတော့ မပြောချင်သေးပါဘူး။ ဒါက အဝေးကြီး လိုပါသေးတယ်။ နောက်ကစားရမယ့် ပွဲကိုပဲ အာရုံစိုက်မှာပါ” ဟု ပြောဆိုခဲ့သည်။

ယနေ့ပွဲတွင် ပရိသတ် ၄၀၀၀ နီးပါး လာရောက်ကြည့်ရှုခဲ့ကြပြီး မလေးရှားရောက်မြန်မာများက မြန်မာအသင်းကို လာရောက်အားပေးခဲ့ကြသည်။

မြန်မာပရိသတ်များသည် မြန်မာအသင်းကို ချစ်ခင်ကြသည့်အတွက် မည်သည့်နေရာတွင် ကစားသည်ဖြစ်စေ အချိန်တန်ကွင်းထဲရောက်လာကြလိမ့်မည်ဟု နည်းပြဂတ်ဇီဆီက ပြောဆိုခဲ့သည်။

မြန်မာအသင်းသည် ဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည ရး၁၅ တွင် လာအိုအသင်းနှင့်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly