ကုလဆန်ရှင်ကို လိုက်နာတဲ့အနေနဲ့ တရုတ်က မြောက်ကိုရီးယားဆီကနေ ပင်လယ်စာနဲ့ သံသတ္ထု တင်သွင်းမှု ရပ်ဆိုင်းတော့မည်

ကုလဆန်ရှင်ကို လိုက်နာတဲ့အနေနဲ့ တရုတ်က မြောက်ကိုရီးယားဆီကနေ ပင်လယ်စာနဲ့ သံသတ္ထု တင်သွင်းမှု ရပ်ဆိုင်းတော့မည်

သြဂုတ် ၁၄ ။           ။ မြောက်ကိုရီးယားနိုင်ငံဆီကနေ သံသတ္ထုရိုင်းနဲ့ ပင်လယ်စာ သွင်းကုန် တင်သွင်းမှုကို သြဂုတ် ၁၅ ရက်စပြီး ရပ်ဆိုင်းတော့မယ်ဆိုပြီး တရုတ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နျူကလီးယားကြိုးပမ်းချက်တွေ ဆက်လုပ်နေတဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ထပ်လုပ်လာတဲ့အချိန်မှာပဲ တရုတ်တို့ကလည်း ယခုလို ယင်းရဲ့မဟာမိတ်   နိုင်ငံအပေါ် တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

လက်ရှိကာလမှာလည်း နိုင်ငံတကာက စိုးရိမ်လာနေရတဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်တို့အကြား တင်းမာမှုအခြေအနေ မြင့်တက်လာနေလျက်ရှိချိန်မှာ ယခုလို တရုတ်တို့က ယင်းသွင်းကုန်ပိတ်ပင်မှု ကြေညာချက်ကို ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလတွေအတွင်း တရုတ်တို့အနေနဲ့ ယင်းရဲ့ အိမ်နီးချင်း မြောက်ကိုရီးယားတို့အပေါ် ထိထိရောက်ရောက် ထိန်းသိမ်းကြပ်မတ်ပေးခဲ့ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အမေရိကန်ဘက်က ဖိအားပေးပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

ယခုအခါမှာ ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ်ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုအတိုင်း အပြည့်အဝ လိုက်လံလုပ်ဆောင်သွားမယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက ကတိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကဆိုရင် အမြဲတမ်းအဖွဲ့ဝင် တရုတ်အပါအဝင် ကုလ လုံခြံုရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ဖို့ အတည်ပြုနိုင်ခဲ့ပြီး ယင်းပိတ်ဆို့မှုကြောင့်တော့ အထီးကျန် နိုင်ငံအနေနဲ့ စီးပွားရေးပိုင်းမှာ တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံထိ နစ်နာသွားရဖွယ် ရှိနေပြီဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required