ဖိုရမ်တစ်ခုမှာ ဖိနပ်၊ ရေဗူးတွေနဲ့ ပစ်ပေါက်ခံရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ

ဖိုရမ်တစ်ခုမှာ ဖိနပ်၊ ရေဗူးတွေနဲ့ ပစ်ပေါက်ခံရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ

သြဂုတ် ၁၄ ။                  ။ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီဟာ မိုဟာမက် ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်က အစိုးရဆန့်ကျင်ရေး ဆွေးနွေးပွဲဖိုရမ်တစ်ခု ဦးဆောင်ကျင်းပခဲ့ရာမှာတော့ တက်ရောက်လာကြသူတွေဘက်က ဖိနပ်၊ရေဗူး၊ ခုံတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ ပွဲပျက်သွားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဖိုရမ်ကိုတော့ လက်ရှိ၀န်ကြီးချုပ် နာဂျစ် ရာဇက်ကို အကျပ်ရိုက်စေနိုင်မယ့် ဘဏ္ဍာငွေကြေးဆိုင်ရာ အရှုပ်တော်ပုံတစ်ခုကို အစဆွဲထုတ် အကျယ်ချဲ့နိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ပေမယ့် ယခုလို ၀ရုန်းသုန်းကားအခြေအနေတွေအောက် ကျရောက်ခဲ့ရတာကြောင့် မအောင်မြင်ဘဲ ပျက်ပြားသွားခဲ့ရတာဖြစ်ပါတယ်။

Shah Alam မြို့မှာ ကျင်းပတဲ့ ယင်းဖိုရမ်အခမ်းအနားမှာတော့ စတင်ပြီး မိနစ် ၉၀ လောက်အကြာမှာပဲ တက်ရောက်လာတဲ့ ပရိသတ်တစ်ချို့က ၀န်ကြီးချုပ်ဟောင်း မဟာသီယာရှိရာ စင်မြင့်ထက်ကို ဖိနပ်၊ ခုံ၊ ရေပုလင်းတွေနဲ့ စတင်ပစ်ပေါက်ခဲ့ကြတာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဆာဒစ် အဗ္ဘဒူ ရာမန်က ပြောပါတယ်။

အလားတူ ယင်းအခမ်းအနားမှာ လူတစ်ချို့က မီးကျည်တွေနဲ့ပစ်လွှတ်ခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။

ယင်းသို့ ၀ရုန်းသုန်းကား အခြေအနေအောက်မှာ မဟာသီယာကိုတော့ ဘေးမသီရန်မခ အဆောက်အအုံတွင်းကနေ လုံခြံုရေးတွေက ခေါ်ထုတ်သွားနိုင်ခဲ့ကြတယ်လို့လည်း ရာမန်က ပြောပါတယ်။ ယင်းဖြစ်စဉ်မှာ အနည်းဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားကြတယ်လို့လည်း သိရပါတယ်။

" ဒီလုပ်ရပ်ဟာ မဟာသီယာနဲ့ အတိုက်အခံတွေကို နှုတ်ဆိတ်သွားစေဖို့ ရည်ရွယ်လုပ်ဆောင်တာ ရှင်းနေပါတယ်၊ ဒီလို လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ ကြောက်ပြီး   နောက်ဆုတ်သွားမှာတော့ မဟုတ်ပါဘူး" လို့ ရာမန်က ပြောကြားသွားပါတယ်။

တစ်ချိန်တည်းမှာပဲ မလေးရှားအစိုးရအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အစ္စမင် အလီကလည်း ယခုဖြစ်စဉ်ဟာ မဟာသီယာကို နှုတ်ဆိတ်နေစေဖို့ လူမိုက်တွေငှားရမ်းအသုံးချတဲ့နည်းနဲ့ ၀န်ကြီးချုပ် နာဂျစ်ဘက်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း စွပ်စွဲသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required