ရုပ်ရှင်ရိုက်ကွင်း၌ စတန့်ပြကွက်ရိုက်ကူးနေစဉ် ဒဏ်ရာရရှိခဲ့သည့် တွမ်ခရုစ်

ရုပ်ရှင်ရိုက်ကွင်း၌ စတန့်ပြကွက်ရိုက်ကူးနေစဉ် ဒဏ်ရာရရှိခဲ့သည့် တွမ်ခရုစ်

ဟောလိ၀ုဒ်မင်းသားတွမ်ခရုစ်သည် Mission: Impossible 6 ဇာတ်ကားရိုက်ကွင်း၌ စတန့်ပြကွက်တစ်ခုကို ရိုက်ကူးနေစဉ် နံရံကို ပြင်းပြင်းထန်ထန် ၀င်တိုက်မိခဲ့သည့်အတွက် ဒဏ်ရာအနာတရ ရရှိခဲ့သည်။

TMZ သတင်းဝက်ဘ်ဆိုက်မှ တနင်္ဂနွေနေ့မနက်ပိုင်းတွင် ဖော်ပြခဲ့သော ဗီဒီယိုဖိုင်တစ်ခုထဲ၌ တွမ်ခရုစ်သည် တိုက်တစ်ခုမှတစ်ခုသို့ ခုန်ကူးခဲ့စဉ်တွင် တိုက်ကြားထဲသို့   ပြုတ်ကျသွားခဲ့ပြီးနောက်   ထော့နဲ့ထော့နဲ့နှင့် ထွက်ခွာ သွားရပုံကို တွေ့မြင်ရသည်။

ခရုစ်သည် လောလောဆယ်တွင် နာမည်ကျော်အက်ရှင်ဇာတ်ကားဖြစ်သည့် Mission: Impossible ၏ ၆ ကား မြောက် ဇာတ်ကားကို လန်ဒန်မြို့တွင် ရိုက်ကူးလျက်ရှိသည်။

ထိုကဲ့သို့ စတန့်ပြကွက်တစ်ခုကို ကိုယ်တိုင်သရုပ်ဆောင်နေစဉ် မတော်တဆမှုဖြစ်ပွားခဲ့သော်လည်း ခရုစ်၏ ကိုယ်ပေါ်၌ အသက်ကယ်ကြိုး တပ်ဆင်ထားခြင်းကြောင့် အန္တရာယ်မရှိခဲ့ကြောင်း သိရသည်။ ထို့နောက်တွင် ရုပ်ရှင်အဖွဲ့သားများက သူ့ကိုကြိုးဖြင့် ပြန်လည်ဆွဲခဲ့ပြီး ရိုက်ကူးရေးကို ရပ်နားထားခဲ့ကြသည်။

Mission: Impossible 6 တွင် တွမ်ခရုစ်အပြင် အခြားသရုပ်ဆောင်များဖြစ်ကြသော ဆိုင်မွန်ပစ်၊ ရေဘက္ကာ ဖာဂူဆန်၊ ဟင်နရီကာဗေးလ်၊ မစ်ရှဲလ်မိုနာဟန် နှင့် အဲလက်ဘော်ဝင်တို့ ပါ၀င်သရုပ်ဆောင်ထားကြသည်။

တွမ်ခရုစ်သည် သူ၏ရုပ်ရှင်များ၌ စတန့်ပြကွက်များကို လူစားမထိုးပဲ ကိုယ်တိုင်ပါ၀င် သရုပ်ဆောင်လေ့ရှိသည်။ မကြာသေးခင်က ထွက်ရှိခဲ့သော The Mummy ဇာတ်ကားထဲ၌   လေယာဉ်ပျက်ကျသည့် အခန်းကို တွမ်ခရုစ် သည် ဆွဲငင်အား လုံးဝမရှိသည့် အခန်းထဲ၌ ကိုယ်တိုင်သရုပ်ဆောင်၍ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

Paramount ရုပ်ရှင်စတူဒီယိုမှ ထုတ်လုပ်ပြသမည့် Mission Impossible 6 ကို လာမည့် ၂၀၁၈ ဇူလိုင် ၂၇ ရက် နေ့တွင် ရုံတင်ပြသသွားရန် စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags