Teen Choice Awards ဆုပေးပွဲ၌ နိုင်ငံတကာအနုပညာရှင်ဆု ဆွတ်ခူးခဲ့သည့် BTS အဖွဲ့

Teen Choice Awards ဆုပေးပွဲ၌ နိုင်ငံတကာအနုပညာရှင်ဆု ဆွတ်ခူးခဲ့သည့် BTS အဖွဲ့

အသက် ၁၃ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်များက အနုပညာနှင့် အားကစားနယ်ပယ်အသီးသီးမှ နာမည်ကျော်များကို မဲပေးရွေးချယ်သည့် Teen Choice Awards ဆုပေးပွဲကို   လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Galen စင်တာ၌ သြဂုတ်လ ၁၃ ရက်နေ့ညနေတွင် Fox ရုပ်သံလိုင်းမှ ဦးစီးကျင်းပခဲ့သည်။

တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ BTS သည် ထိုဆုပေးပွဲ၌ အကောင်းဆုံးနိုင်ငံတကာ အနုပညာရှင်ဆု (Choice International Artist Award) အတွက် အခြားကေပေါ့ပ်အဖွဲ့များ ဖြစ်ကြသော EXO ၊ MONSTA X၊ SEVENTEEN နှင့် မက္ကစီကိုဂီတအဖွဲ့ CD9 ၊ အမေရိကန်လက်တင် ပေါ့ပ်အဖွဲ့ CNCO တို့နှင့်အတူ စကာတင် စာရင်းထဲ၌ ရွေးချယ်ခံခဲ့ရသည်။

ဆယ်ကျော်သက်များ၏ တွစ်တာမှတဆင့် မဲပေးမှုကို သြဂုတ် ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် စတင်ခဲ့ပြီး ဒေသစံ တော်ချိန် ညနေ ၆ နာရီ၌ အဆုံးသတ်ခဲ့သည်။ ထို့နောက်တွင် မဲရေတွက်မှုများအရ အဆိုပါဆုကို BTS အဖွဲ့မှ ဆွတ်ခူးသွားကြောင်း ဆုပေးပွဲ၌ ကြေညာခဲ့သည်။

ထို့ကြောင့် BTS အဖွဲ့သည် ယခုအခါတွင် Teen Choice Award ဆုပေးပွဲ၌ Choice International Award ကို ဆွတ်ခူးသည့် ဒုတိယမြောက် တောင်ကိုရီးယားဂီတအဖွဲ့ ဖြစ်လာခဲ့သည်။ Super Junior အဖွဲ့သည် လွန်ခဲ့သော ၂၀၁၅ခုနှစ်က အဆိုပါဆုကို ဆွတ်ခူးခဲ့သည့် ပထမဦးဆုံး တောင်ကိုရီးယား ဂီတအဖွဲ့ဖြစ်ခဲ့သည်။

BTS အဖွဲ့သည် ပြီးခဲ့သောမေလက Billboard ဂီတဆုပေးပွဲ၌လည်း Top Social Artist Award ဆုကို ဆွတ်ခူး နိုင်ခဲ့သည်။

လက်ရှိတွင် BTS အဖွဲ့သည် လာမည့်စက်တင်ဘာလ၌ အနုပညာလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် အားယူ နေကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required