အိန္ဒိယဆေးရုံ၌ ကလေးငယ် ၆၄ ဦး သေဆုံးမှုကြောင့် လူအများအပြား ယမ်းပုံမီးကျဖြစ်

အိန္ဒိယဆေးရုံ၌ ကလေးငယ် ၆၄ ဦး သေဆုံးမှုကြောင့် လူအများအပြား ယမ်းပုံမီးကျဖြစ်

သြဂုတ် ၁၄ ။              ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အစိုးရဆေးရုံ၌ အောက်စီဂျင်ပြတ်လပ်မှုကြောင့် အနည်းဆုံး ကလေးငယ် ၆၄ဦးခန့် သေဆုံးခဲ့ရသည့်အတွက် လူအများအပြားက အကြီးအကျယ် ဒေါသထွက်လျက်ရှိပြီး တာဝန်ရှိသူများကို နှုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

အက်တာပရာဒက်ရှ်ပြည်နယ်၏ ၀န်ကြီးချုပ်ဖြစ်သူ ရိုဂျီအာဒစ်ရန်နာ့သ်သည် တနင်္ဂနွေနေ့က အဆိုပါဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဒေါသထွက်နေသည့် လူအုပ်ကြီးက ဖြေရှင်းချက်များပေးရန် သူ့ကို တောင်းဆိုနေခဲ့ ကြသည်။

ဆေးရုံရှိ ကလေးအဆောင်တွင် အောက်စီဂျင်ပြတ်လပ်မှုကြောင့် ကလေးငယ် ၃၀ ခန့် လွန်ခဲ့သော ကြာသာ ပတေးနေ့နှင့် သောကြာနေ့ကတည်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြခဲ့သည်။

အောက်စီဂျင်ဝယ်ယူဖို့ ဆေးရုံမှအချိန်မီ ငွေချေခြင်းမရှိသည့်အတွက် ယခုလိုပစ္စည်း ပြတ်တောက်ခဲ့ရခြင်း ဖြစ်သည်ဟု လူအများက စွပ်စွဲနေကြပြီး မိမိ၏ကလေးများအတွက် စိုးရိမ်နေကြသော မိဘများက လက်လုပ် အသက်ရှုအိတ်များကို အသုံးပြုကာ အသက်ရှုနိုင်အောင် ဖန်တီးပေးခဲ့ကြရသည်။

ဂိုရက်ခ်ပါဆေးရုံ၌ အောက်စီဂျင်ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ၀န်ခံခဲ့ကြသော် လည်း ကလေးများသေဆုံးမှုသည် ဦးနှောက်ရောင်ရမ်းနာရောဂါနှင့် အခြားရောဂါများကြောင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း ခုခံပြောဆိုခဲ့ကြသည်။

“အောက်စီဂျင်ပြတ်လပ်မှုကြောင့် ဒီကလေးတွေ အသက်ဆုံးရှုံးခဲ့ရတာမဟုတ်ဘူးလို့ ကျနော်တို့အပြည့်အဝ ယုံကြည်ပါတယ်” ဟု ဂိုရက်ခ်ပါကျန်းမာရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောခဲ့သည်။

သို့သော်လည်း မိသားစုဝင်များက ထိုသို့ပြောဆိုချက်ကို ငြင်းဆန်ခဲ့ကြပြီး ဆေးရုံ၌ ရုတ်တရက် အောက်စီဂျင် ပြတ်လပ်မှုကြောင့် မိဘများအနေဖြင့် စိုးရိမ်တကြီး ဖြစ်ခဲ့ကြရပုံကို ပြန်လည်ပြောပြခဲ့ကြသည်။

“ကျနော်တို့ ဆေးရုံကို ရောက်တဲ့အချိန်မှာပဲ ကျနော်တို့ကို လေပြွန်အသက်ရှုအိတ်လေးကို ပေးထားပြီးတော့ လက်နဲ့ဆက်တိုက် ညှစ်ပေးနေဖို့ ပြောခဲ့ကြပါတယ်။ ကျနော်သူတို့ပြောတဲ့အတိုင်း သုံးနာရီခွဲလောက် လုပ်ခဲ့ပါ တယ်” ဟု ကွယ်လွန်သူ ကလေးငယ်တစ်ဦး၏ ဖခင်ဖြစ်သူက Indian Express သို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required