အမျိုးသားဥယာဉ် ကာကွယ်ရေးအတွက် အင်ဒိုနီးရှားတွင် လူတစ်သောင်းကျော် သီဆိုယိမ်းက

အမျိုးသားဥယာဉ် ကာကွယ်ရေးအတွက် အင်ဒိုနီးရှားတွင် လူတစ်သောင်းကျော် သီဆိုယိမ်းက

ဂျကာတာ၊ သြဂုတ် ၁၄ ။           ။ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ခြိမ်းခြောက်ခံနေရသော အမျိုးသားဥယာဉ်ကာကွယ်ရေး လိုအပ်ချက်တစ်ရပ်အဖြစ် လူတစ်သောင်းကျော်ထက်မနည်း စုရုံးလာရောက်ကြကာ စံချိန်တင် သီဆိုယိမ်းကမှုကို ပြုလုပ်ခဲ့ကြသည်။

အနက်နှင့် အဝါ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားကြသော အမျိုးသားများက ပဆစ်တုပ်ကာ တစ်ညီတစ်ညာတည်း ထိုင်နေကြပြီး ရိုးရာတေးသီချင်း စည်းချက်များအလိုက် ပေါင်ကို ပုတ်ကာ၊ လက်ခုပ်တီးကာဖြင့် ယိမ်းထိုး သီဆိုကပြကြခြင်းဖြစ်သည်။

လက်ပေါင်းများစွာ အက ခေါ် saman ဟူသော ရိုးရာအကသည် အင်ဒိုနီးရှားတွင် အထင်ရှားဆုံးများမှ တစ်ခုဖြစ်သည်။ ထိုရိုးရာဓလေ့ အကကို ယူနက်စကိုက ၂၀၁၁ ခုနှစ်အတွင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။

ယခု သီဆိုယိမ်းကမှုကို ပြည်နယ်သို့ ခရီးသွားများ ပိုမိုလာရောက်ရန်လည်း ရည်ရွယ်ကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်းအေဂျင်စီ အကြီးအကဲ ဆယာဖရူဒင်က အေအက်ဖ်ပီသို့ ပြောသည်။

ယခု သီဆိုယိမ်းကမှုတွင် ဂါယိုမျိုးနွယ်စုဝင်များ အများစု ပါဝင်ကြခြင်းဖြစ်ကာ စည်းဖောက်၊ ပုံစံပျက်ခြင်း မရှိဘဲ တစ်ညီတစ်ညာတည်း ယိမ်းထိုးကာ သီဆိုကကြခြင်းဖြစ်သည်။

သီဆိုသော သီချင်းမှာ ပြည်နယ်၏ Mount Leuser National Park အမျိုးသားဥယာဉ်အား ကာကွယ်ထိန်းသိမ်းရေး အရေးကြီးကြောင်းကို ဦးတည်ဖွဲ့့ဆိုထားခြင်းဖြစ်သည်။

ရှားပါး ဆူမတြားကျားများနှင့် ဆင်များ နေထိုင်ကျက်စားရာ ယင်းဥယာဉ်သည် အမဲလိုက်ခြင်းများ ထင်တိုင်းကြဲ ဖြစ်ပွားနေခြင်းနှင့် ဆီအုန်းစိုက်ခင်းများ တိုးချဲ့နေခြင်းများမှ တောပြုန်းမည့် ဘေး ခြိမ်းခြောက်ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required