အမေရိကန်၏ ဆန်ရှင်ကို တုံ့ပြန်ပြီး အီရန်လွှတ်တော်က ဒုံးကျည်စီမံကိန်း ရန်ပုံငွေ တိုးမြှင့်

အမေရိကန်၏ ဆန်ရှင်ကို တုံ့ပြန်ပြီး အီရန်လွှတ်တော်က ဒုံးကျည်စီမံကိန်း ရန်ပုံငွေ တိုးမြှင့်

တီဟီရန်၊ သြဂုတ် ၁၄ ။           ။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ကို လက်တုံ့ပြန်သည့် အနေဖြင့် အီရန်နိုင်ငံ၏ ပါလီမန်သည် နိုင်ငံ၏ ဒုံးကျည်စီမံကိန်းနှင့် အထူးတော်လှန်ရေးအစောင့်တပ်၏ ပြည်ပစစ်ဆင်ရေးများဆိုင်ရာ ရန်ပုံငွေကို အမေရိကန်ဒေါ်လာ ဘီလီယံဝက်ကျော်အထိ တိုးမြှင့်ကြောင်း သြဂုတ် ၁၄ ရက်က အတည်ပြုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီက ရာထူးတက်လာပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်ကို တင်းတင်းကြပ်ကြပ် ဆက်ဆံမည်ဟု စိတ်ပိုင်းဖြတ်ပြောဆိုချိန်မှစကာ တီဟီရန်နှင့် ဝါရှင်တန်ကြား တင်းမာမှုများ မြင့်နေစဉ် ယခုကဲ့သို့ အီရန်ဖက်က ဆုံးဖြတ်လုပ်ဆောင်လာခြင်းဖြစ်သည်။

“ခုလို လုပ်ဆောင်လိုက်တာဟာ ကျွန်တော်တို့ရဲ့ ပထမဆုံး တုံ့ပြန်အရေးယူမှုလို့ အမေရိကန် သိထားသင့်တယ်။”ဟု လွှတ်တော်ဥက္ကဌ အလီလာရီဂျာနီက ပြောသည်။ အကြမ်းဖက်မှုများနှင့် ဒေသတွင်း အမေရိကန်၏ လုပ်ရပ်များကို တန်ပြန်ရန်အတွက် ယခုရန်ပုံငွေကို လွှတ်တော်တွင် တစ်ခဲနက် အတည်ပြုထောက်ခံသည်ဟု ၄င်းက ကြေညာသည်။

မဲရလဒ် ကြေညာပြီးနောက် အီရန်လွှတ်တော်အမတ်များက “အမေရိကန် သေဆုံးပါစေ။”ဟု ကြွေးကြော်ကြသည်။

ယခုရန်ပုံငွေအတည်ပြုမှုကို ပါလီမန်တွင် အမတ် ၂၄၄ ဦးတွင် ၂၄၀ ဦးက အတည်ပြုမဲပေးခဲ့ခြင်းဖြစ်သည်။

ထိုရန်ပုံငွေအရ အစိုးရသည် ဒုံးကျည်စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ထပ်တိုးသုံးစွဲနိုင်မည်ဖြစ်ကာ တော်လှန်ရေးအစောင့်တပ်၏ ပြည်ပစစ်ဆင်ရေး တပ်ရင်း Quds Force တပ်ဖွဲ့ဝင်များအတွက်လည်း အလားတူပမာဏနှုန်းထားကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် IRNA သတင်းက ဖော်ပြသည်။

Quds Force တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနှင့် အီရတ်ရှိ အီရန် စစ်ရေးပါဝင်မှုများကို ဦးဆောင်ဆင်နွှဲနေခြင်းဖြစ်သည်။

အီရန် ဒုံးကျည်စီမံကိန်းများအပေါ် ပစ်မှတ်ထားသည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ဇူလိုင်လအတွင်းက ချမှတ်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ မဲပေးတုံ့ပြန်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required