ကင်ညာရှိ ဆန္ဒပြပွဲများအတွင်း အနည်းဆုံးလူပေါင်း ၂၄ဦးခန့်သေဆုံး

ကင်ညာရှိ ဆန္ဒပြပွဲများအတွင်း အနည်းဆုံးလူပေါင်း ၂၄ဦးခန့်သေဆုံး

နိုင်ရိုဘီ၊ သြဂုတ် ၁၃ ။            ။ ကင်ညာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသော ရွေးကောက်ပွဲအလွန် ဆန္ဒပြပွဲများအတွင်း အနည်းဆုံးလူပေါင်း ၂၄ဦး ခန့် အသေပစ်သတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက စနေနေ့က အတည်ပြုပြောကြားခဲ့သည်။

သမ္မတဖြစ်သူ အူဟူရူကန်ယက်တာ၏ ပြန်လည်ရွေးကောက်ခံမှုကို ဆန့်ကျင်သော အတိုက်အခံအဖွဲ့ NASA ၏ ထောက်ခံသူများသည် နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြရာ ပြီးခဲ့သော သောကြာနှင့် စနေနေ့အတွင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူအများအပြား သေဆုံးခဲ့ရကြောင်း ကင်ညာမှ နိုင်ငံတော်လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ပြောခဲ့သည်။

ကော်မရှင်၏ဥက္ကဌဖြစ်သူ ကာဝီရီရာအမ်ဘိုဂိုရီက ရဲတပ်ဖွဲ့၏ အင်အားသုံးနှိမ်နင်းမှုကို ပြစ်တင်ရှုံ့ချခဲ့ပြီး အာဏာပိုင်များအနေဖြင့် ရဲအရာရှိများအား ခဲယမ်းမီးကျောက်များ အသုံးပြုပြီး ဆန္ဒပြသူများကို မဖြိုခွင်းကြဖို့ ညွှန်ကြားပေးရန် တောင်းဆိုခဲ့သည်။

တစ်ချိန်တည်းတွင် NASA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်အိုရန်ဂိုက ရဲတပ်ဖွဲ့၏ အင်အားသုံးနှိမ်နင်းမှုကြောင့် ဆန္ဒပြသူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့သော်လည်း ထိုသတင်းကို ယခုအချိန်ထိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထိုသို့ အစုလိုက်အပြံုလိုက် သတ်ဖြတ်ခံရမှုကို အများပြည်သူမသိရှိစေရန် သေဆုံးသူများ၏ အလောင်းများကို အိတ်များနှင့်ထုတ်၍ လမ်းမများပေါ်မှ ဖယ်ရှားခဲ့ကြခြင်းဖြစ်ကြောင်း သူကဆက်လက်ပြောဆိုခဲ့သည်။

သို့သော်လည်း ထိုသို့ပြောဆိုချက်များကို ကင်ညာအစိုးရမှ တနင်္ဂနွေနေ့ အစောပိုင်းတွင် ငြင်းဆိုခဲ့ပြီး နိုင်ငံတစ် ၀န်း၌ ဆန္ဒပြမှုများ အမှန်တကယ်ဖြစ်ပွားနေသော်လည်း ဒုစရိုက်သမားအချို့ကြောင့်သာ အကြမ်းဖက်လုပ်ရပ် တချို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဖရက်မာတီယမ်ဂီက ဆန္ဒပြပွဲများနှင့်ပက်သက်၍ ပြောဆိုနေကြသော သတင်းများသည် ကောလဟာလသာဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် ဒုစရိုက်သမားအချို့ကို သေသေချာချာ ကိုင်တွယ်ဖြေရှင်း နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly