ဒေါ်လာနဲ့ ရွှေတွေကို စျေးကစား၊ ထုံထိုင်းနေတဲ့ မြန်မာ့ စီးပွားလို့ ပညာရှင်များ ဝေဖန်

ဒေါ်လာနဲ့ ရွှေတွေကို စျေးကစား၊ ထုံထိုင်းနေတဲ့ မြန်မာ့ စီးပွားလို့ ပညာရှင်များ ဝေဖန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာနိုင်ငံအနေနဲ့ ဗဟိုထိန်းချုပ်မှုစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်းရာမှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရတယ်လို့ ပြည်တွင်းပညာရှင်တချို့က ထောက်ပြလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်တဲ့ အစိုးရသက်တမ်း တစ်နှစ်ခွဲကာလအတွင်းမှာ မြန်မာ့စီးပွားရေးဟာ ရပ်တံ့နေတယ်၊ ကျဆင်းနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက်ထဲမှာပဲ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တချို့ကို ထောက်ပြလိုက်တာ ဖြစ်ပါတယ်။

နေပြည်တော်၊ MICC-2မှာ ဩဂုတ်လ ၁၁ရက်နေ့ကစပြီး သုံးရက်ကြာ ကျင်းပနေတဲ့ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဒုတိယနေ့မှာ အခုလို သုံးသပ်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် သမ္မတ ဦးထင်ကျော်က ခန့်အပ်လိုက်တဲ့ ဦးဆက်အောင်က “အသွင်ကူးပြောင်းရေးလို့ ပြောလိုက်ရင် နိုင်ငံတိုင်းမှာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာကျတော့ အသွင်းကူးပြောင်းရေးမှာ သူများနိုင်ငံထက် စိန်ခေါ်မှုတွေ ပိုများပါတယ်” လို့ အစချီပြီး ပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရဲ့ စီးပွားရေး အကူးအပြောင်းအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခုကတော့ ခေါက်ရိုးကျိုးနေတဲ့ ကြိုတင်မှန်းဆပြီးတော့ ဈေးကစားတာ ဖြစ်တယ်လို့လည်း ဦးဆက်အောင်က ဆိုပါတယ်။

“ဥပမာအနေနဲ့ ဒေါ်လာပေါ်မှာ မှန်းဆပြီးတော့ ဈေးကစားပါတယ်။ ရွှေအပေါ်မှာ မှန်းဆပြီးတော့ ဈေးကစားပါတယ်။ ဈေးကစားတဲ့ ကိစ္စကတော့ နိုင်ငံတော်အတွက် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံ မဟုတ်ပါဘူး” လို့ သူက သုံးသပ်ပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေး မျက်နှာစာဟာ ပို့ကုန်တန်ဖိုးတွေ ကျနေတာ၊ ကုန်သွယ်မှုမှာ လိုငွေတွေ ပြနေတာ၊ ငွေကြေးလဲလှယ်မှုနှုန်း မတည်မငြိမ် ဖြစ်နေတာ၊ လယ်ယာကဏ္ဍမှာ စွမ်းအားတွေ ကျနေတာနဲ့ ပို့ကုန်ဝင်ငွေတွေဟာ ပြည်တွင်းကို ပြန်လည်စီးဆင်းလာခြင်းမရှိတာ စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘတ်ဂျက်ကိန်းဂဏန်းတွေအရ တိုင်းပြည်ရဲ့ ဘတ်ဂျက်လိုငွေဟာ ကျပ်ဘီလီယံပေါင်း လေးထောင်ကျော်လောက် လိုငွေပြနေပါတယ်။

ဒီစိန်ခေါ်မှုတွေကို တိကျတဲ့ ရည်မှန်းချက်တွေ၊ တိကျတဲ့ အစီအစဉ်တွေနဲ့သာ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် အထိုက်အလျောက် ကျော်လွှားနိုင်မှာ ဖြစ်ပေမယ့် လက်ရှိအစိုးရမှာ အားနည်းချက် များစွာရှိနေတယ်လို့ မြန်မာနိုင်ငံ မျက်မှောက်ခေတ် ပြုပြင်ပြောင်းလဲရေး အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်သူ ဦးမျိုးမြင့်က သုံးသပ်ပါတယ်။

“အစိုးရဌာနအချင်းချင်း ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းတာ အားနည်းပါတယ်။ ဝန်ကြီးဌာနထဲမှာရှိတဲ့ ဌာနအချင်းချင်း အားနည်းပါတယ်။ ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီးအစိုးရကြား၊ ပါတီနဲ့ အစိုးရကြား၊ လွှတ်တော်နဲ့ အစိုးရကြားထဲမှာ ညှိနှိုင်းမှု အားနည်းတဲ့အတွက်ကြောင့်မို့လို့ တကယ့်ကို ခြံုငုံနိုင်တဲ့ အစီအမံတွေ ချမှတ်နိုင်ခြင်း မရှိပါဘူး” လို့ သူက ပြောပါတယ်။

“တိုတိုချံုပြောရရင်တော့ အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံရဲ့စီးပွားရေးဟာ ထုံထိုင်းနေပါတယ်” လို့ NLD ရဲ့ ဗဟိုစီးပွားရေးကော်မတီဝင်လည်းဖြစ််တဲ့ ဦးမျိုးမြင့်က ဆက်လက်ပြောကြားပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အလှည့်ကျအလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းဆွေကတော့ အစိုးရအနေနဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး တိကျတဲ့မူဝါဒချမှတ်ပြီး စီးပွားရေးလုပ်တတ်တဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီလို့ မှတ်ချက်ပြုပါတယ်။

“လိုချင်တဲ့မူဝါဒကို  စီးပွားရေးလုပ်တတ်တဲ့လူတွေရဲ့ စွမ်းအားအသုံးပြုပြီးတော့ ကျွန်တော်တို့နိုင်ငံကို ဘယ်လို တည်ဆောက်မလဲ။ အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ရင် မကောင်းဘူးလား” လို့ ဒေါက်တာသိန်းဆွေက သုံးသပ်ပါတယ်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly