အပန်းဖြေဖွယ် နေပြည်တော် ရေပူစမ်း

12 August 2017
အပန်းဖြေဖွယ် နေပြည်တော် ရေပူစမ်း

မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်းအထောက်အကူဖြစ်တဲ့ ခရီးသွားလာလည်ပတ်စရာနေရာတွေ တနေ့တခြား ပိုလို့များလာပါပြီ။ လူနေထူထပ်ရာဒေသတွေကနေ တခဏတာ စွန့်ခွာလည်ပတ်ချင်လောက်အောင် သဘာဝတရားက အစဉ်အမြဲ ဆွဲဆောင်နေကြပါတယ်။

ရန်ကုန်မြို့ရဲ့ မြောက်ဘက်စူးစူး မြို့တော် နေပြည်တော်ကနေတဆင့် ခရီးဆက်ကြရမှာပါ။ နေပြည်တော်ကနေတဆင့် ခရီးဆက်ပြီးရင်တော့ ထူးခြားတဲ့နေရာလေးတခုဆီကို ကျွန်မတို့ သွားကြမှာပါ။ နေပြည်တော်ဟာခရီးသွားတွေနဲ့ တနေ့တခြားစည်ကားလာနေပါပြီ။ အစိုးရရုံးစိုက်ရာ မြို့တော်ကြီးဆီကိုတကြိမ်တခါပဲဖြစ်ဖြစ် အလည်ရောက်ခဲ့ရင်တော့ လည်ပတ်စရာတွေ ဘာများရှိမလဲဆိုတာ သိချင်ကြမှာပါ။

နေပြည်တော်မြို့ရဲ့ ညနေခင်းအချိန်တွေက သဘာဝပတ်ဝန်းကျင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပိုပြီး သာယာလှပနေပါတယ်။ အနောက်ဘက်ရခိုင်ရိုးမဆီမှာတော့ နေလုံးကြီးက မြုပ်ဝင်စပြုနေပါပြီ။ ညနေခင်းအပန်းဖြေချိန်တွေကို ရောက်လာပါပြီ။ နေပြည်တော်အနီးတဝိုက် တောင်ကုန်းငယ်လေးတွေက မြို့ရဲ့ အလှကိုလွမ်းခြံုမြင်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။ ဒီလိုနေရာတွေကိုရောက်လာရင် စိတ်အေးချမ်းမှုတွေနဲ့အတူ တနေ့တာပင်ပန်းမှုတွေလည်း ကွယ်ပျောက်ပြီး စိတ်တွေက လန်းဆန်းလာပါတယ်။

နေပြည်တော်ပြည်ထောင်စု နယ်မြေဟာ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်ရဲ့ကြားမှာရှိနေတဲ့ မြေပြန့်ဒေသဆိုပေမယ့် အနောက်ဘက်မှာ ပဲခူးရိုးမအဖျားပိုင်းနဲ့ အရှေ့ဘက်မှာတော့ ရှမ်းပြည်နယ်ရဲ့ တောင်ကုန်းတောင်တန်းကြီးတွေ ရှိနေပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့ကနေ မြောက်ဘက် ရန်ကုန်မန္တလေးလမ်းဟောင်းအတိုင်း လာခဲ့ပါပြီ။ နေပြည်တော်ကနေ တစ်နာရီကျော် ကားမောင်းလာပြီးရင်တော့ တပ်ကုန်းမြို့မရောက်မီ ပင်လောင်းလွိုင်ကော် လမ်းခွဲကိုရောက်မှာပါ။ အဲဒီလမ်းခွဲကနေ ရှမ်းရိုးမတောင်တန်းကြီးပေါ်ကို ဦးတည်နေပါပြီ။

တောင်ရိုးလမ်းမကြီးအတိုင်း ကားမောင်းလာပြီး သိပ်မကြာခင်မှာပဲ သဘာဝရဲ့ အလှတွေကိုစတင်ထိတွေ့ခွင့် ရနေပါပြီ။ သဘာဝအခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေအတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့ ၀ါးတဲလေးတွေကိုလည်း တွေ့ရပါတယ်။ လှပတဲ့ဒီဒေသအတွက် အလုပ်အကိုင် မျှော်လင့်ချက်လို့ ဆိုရမှာပါ။

ရေပူစမ်းကိုသွားရာလမ်းမကြီးဘေးမှာ စမ်းချောင်းငယ်လေးလည်း ရှိနေပါတယ်။ နေပြည်တော်ကနေ နေ့ချင်းပြန် သွားလို့ရတဲ့ ခရီးစဉ်ဖြစ်သလိုအချိန်လုံလုံလောက်လောက် ရနိုင်တာကြောင့် ဒီနေရာတွေကိုလည်း ခရီးတထောက်နားလို့ အဆင်ပြေမှာပါ။

တောင်ကျစမ်းချောင်းလေးကအေးမြပြီး ကြည်လင်နေပါတယ်။ ဒီဒေသမှာကခရီးသွားတွေ များလာပြီဆိုတော့ ဒီလိုလှပတဲ့နေရာလေးတွေ ပျက်စီးသွားမှာလည်း ဒေသခံတချို့က စိုးရိမ်ကြပါတယ်။ ဒီစမ်းချောင်းငယ်လေးက ရှမ်းရိုးမတောင်တန်းကြီးပေါ်မှာ ပိုပြီးလှပနေဖို့ အားဖြည့်ပေးထားပါတယ်။ ကွေ့ကောက်စီးဆင်းနေတဲ့ စမ်းချောင်းလေးအတိုင်း လမ်းမကြီးကလည်း ကွေ့ကောက်နေနေပါတယ်။

နေပြည်တော် ရေပူစမ်းဟာဆိုရင် နေပြည်တော် ပင်လောင်းလမ်းပေါ်မှာ ရှိနေပါတယ်။ အခု တနင်္ဂနွေနေ့ဖြစ်တော့ တော်တော်လေးကို လူစည်ကားပါတယ်။

မြင်ကွင်းတွေကတော့ သဘာဝရေပူစမ်းကို ပြန်ပြီးပြုပြင်ထားတာပါ။ ရေပူစိမ့်ထွက်ရာနေရာကနေ ရေကန်တွေတွေ၊ ချောင်းရိုးတွေနဲ့ စနစ်တကျ သွယ်တန်းပေးထားတာပါ။ ရှမ်းရိုးမတောင်တန်း တနေရာရဲ့ အနိမ့်ပိုင်းမြေပြန့်နေရာမှာဖြစ်ပါတယ်။ ရေပူစမ်းကရေတွေကို စနစ်တကျ သွယ်တန်းပြီး အပန်းဖြေရေနွေးစိမ်ကန်တွေ၊ ရေနွေးချိုးနိုင်တဲ့ အဆောင်ငယ်လေးတွေ ပြုလုပ်ပေးထားပါတယ်။

ဆန်းကြယ်တဲ့ သဘာဝရဲ့ လက်ဆောင်တခုလို့ ဆိုရမှာပါ။ ဒီနေရာမှာစိမ့်ထွက်နေတဲ့ ရေပူတွေက ပွက်ပွက်ဆူလုနီးပါး အပူချိန်ရှိပါတယ်။ ဒီနေရာမှာရေပူထွက်သလိုရေအေးတွေ စီးဆင်းနေတဲ့ စမ်းချောင်းင်လေးလည်းရှိပါတယ်။ ဒါကြောင့် ရေပူရေအေး နှစ်မျိုးစပ်ပြီးအပန်းဖြေရေနွေးစိမ်ကန်တွေ ဖန်တီးပေးထားပါတယ်။ လာလည်ကြတဲ့ ခရီးသွားတွေကတော့ ပျော်ပျော်ရွှင်ရွှင် ရေချိုးနေကြပါတယ်။ အသက်အရွယ်မျိုးစုံတွေ့ရသလို ဒေသအစုံက လာရောက်သူတွေ ဖြစ်ကြပါတယ်။

ခရီးစဉ် ဒုတိယပိုင်းမှာတော့ တောတွင်းတောင်တက် ခရီးစဉ်ဖြစ်ပါတယ်။ နေပြည်တော်ရေပူစမ်းကိုရောက်ရင် ရေနွေးစိမ် အပန်းဖြေနိုင်သလို တောတောင်သဘာဝကို ထိတွေ့နိုင်မယ့် ခရီးစဉ်တခု ကိုလည်း ကိုယ်တိုင် ထိတွေနိုင်မှာပါ။ မကြာခင်မှာခရီးစဉ် စကြပါမယ်။

ဒီ ရေပူစမ်းကနေ နာရီဝက်လောက် ထပ်ပြီးတော့ လမ်းလျှောက်သွားမယ်ဆိုရင်တော့ တောထဲမှာ ရေတံခွန်လေးတစ်ခု ရှိပါတယ်။ အဲဒီရေတံခွန်လေးကို အခု အိမ့်မျက်တို့   တောလမ်းလေးအတိုင်း   လျှောက်လာတာပါ။ ဒီမှာ ရေပူစမ်းကို လာပြီးတော့ လည်ပတ်ကြတဲ့ ခရီးသွားတွေအနေနဲ့လည်း ဒီရေတံခွန်လေးကို တောလမ်းလေးအတိုင်း သွားပြီးတော့ လည်ပတ်ကြပါတယ်တဲ့။ ဒီလမ်းလေးကတော့ တောထဲမှာ ဖြတ်ပြီးတော့ ဖောက်ထားတဲ့ လမ်းကျဥး်ကျဉ်းလေးပါတဲ့။

တောတွင်းလမ်းလေးက စိတ်လှုပ်ရှားစရာတွေ စပြီးခံစားမိပါတယ်။ နေပြည်တော်ရေပူစမ်းကို လာရောက်လည်ပတ်သူတွေအတွက် နောက်ထပ် အချိန်ပေးစရာတခု ဖန်တီးပေးထားတာပါ။ စမ်းချောင်းလေးရှိရာ လျှိုတခုအတိုင်း လမ်းကျဉ်းလေးကနေ သွားရပါတယ်။ အပေါ်မှာတော့ ယှက်ထိုးအုတ်မိုးထားတဲ့ သစ်ပင် ၀ါးပင်တွေနဲ့ ပြည့်နေပါတယ်။

အခုချိန်က မွန်းတည့်ချိန်လောက် ဖြစ်နေပါပြီး နေလည်း အပြင်မှာ တော်တော်လေး ပူနေပါတယ်။ ဒါပေမယ့် ဒီ တောတွင်းလျှောက်လမ်းလေးက လမ်းပိုင်းလေးကတော့ လုံးဝ သစ်ရိပ်၊ ဝါးရိပ်နဲ့ အေးမြနေပါတယ်။ ပြီးလို့ရှိရင် စမ်းချောင်းလေးရဲ့ ဟိုဘက်တွေ ဒီဘက်တွေမှာ စမ်းရေစီးသံလေးတွေလည်း ကြားနေရပါတယ်။ ပြီးတော့ ငှက်ကလေးတွေရဲ့ အသံတွေလည်း ကြားနေရတယ်။ အရမ်းကို အေးချမ်းပါတယ်။

လမ်းမှာတော့ ဒေသခံတောင်ယာစိုက်ပျိုးသူတချို့ တွေ့ပါတယ်။ တောင်ယာခုတ်ဖို့ ယာယီတဲထိုးပြီး စခန်းချ နေထိုင်သူတွေပါ။

ဒီနေ့တော့ ခရီးသွားတော်တော်များများ တောတွင်းလမ်း လျှောက်ခရီးစဉ်မှာ လေ့လာကြတာ တွေ့ပါတယ်။ သက်ကြီးရွယ်အိုတွေတောင် ဒီလိုနေရာမျိုးမှာ လမ်းလျှောက်ကြပါတယ်။ လမ်းကကျဉ်းပေမယ့် အနိမ့်အမြင့် ပြေပြစ်ပြီး အုံ့မှိုင်းအေးစိမ့်နေပါတယ်။

ပတ်ဝန်းကျင်က တိတ်ဆိုနေပြီး ချောင်းရေစီးသံနဲ့ ငှက်သံတချို့သာ ကြားရပါတယ်။ တခါတလေ  ကိုယ့်အသက်ရှူသံက အကျယ်ဆုံးလို့တောင် ထင်ရပြန်ပါတယ်။

သစ်တောကြီး မဟုတ်ပေမယ့် တောရဲဲ့ အထိအတွေ့ကိုတော့ ကောင်းကောင်း ခံစားမိနေပါတယ်။ စမ်းချောင်းလေးရှိရာ လျှိုကြီးအတိုင်း ဆန်တက်ပြီး ခရီးဆက်နေကြတာပါ။  လမ်းက လူသွားနိုင်ရုံလောက်ပဲ ပြင်ဆင်ပေးထားတာကြောင့် ပိုပြီး သဘာဝဆန်ဆန်ဖြစ်နေပါတယ်။ တခါတလေမှာ ချောင်းရေထဲကနေတောင် ဖြတ်ပြီးလမ်းလျှောက်ရပါတယ်။

ဒီခရီးက တောတောင်တွေကြားထဲမှာ သဘာဝ အတိုင်းခရီးသွားခြင်းအတွက် ဖြစ်ပါတယ်။ ဒီခရီးမှာ တောတွင်းအငွေ့အသက်နဲ့ လေကောင်းလေသန့်တွေကို ရှူရှိက်ခွင့်ရမှာပါ။ သဘာဝ ခရီးသွားလိုသူတွေအတွက် ရည်ရွယ်ပြီး သီးသန့် လမ်းဖောက်ပေးထားဖြစ်သလို အချိန်ခဏလေးနဲ့ ပျော်ရွှင်စရာခရီးလေးတခုကို ပိုင်ဆိုင်ခွင့် ရကြမှာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly