စစ်တွေရှိ ကလေးငယ်တစ်ဦးတွင် H1N1 တွေ့ရှိ

စစ်တွေရှိ ကလေးငယ်တစ်ဦးတွင် H1N1 တွေ့ရှိ

ရန်ကုန်၊ သြဂုတ် ၁၂ ။          ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် H1N1 ဖြစ်ပွားစတင်ဖြစ်ပွားနေသည့် ကလေးငယ်တစ်ဦးကို တွေ့ရှိထားသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး   ဒေါက်တာကြည်လွင်က ပြောသည်။

“ ဒီကလေးက ဘယ်မှလည်းမသွားပါဘူး။ ဘယ်မှမသွားပဲနဲ့ ရောဂါဖြစ်လာတယ်။ ဒီရောဂါဖြစ် တယ်ဆိုတာက ရာသီတုပ်ကွေး ကူးစက်ခံရတာပါပဲ။ ကူးစက်ခံရတယ်ဆိုတာနဲ့ သူ့ကို ကူးမယ့် လူက ရှိပြီးသား။ ဒီရက်ပိုင်း အတွင်းမှာပဲ ကူးတာ။ ရောဂါကူးစက်ခံရပြီး ၃၊ ၄ ရက် လောက်အကြာမှာ ဖြစ်တတ်ပါတယ်။ ကလေးဖြစ်တာကလည်း ပါတာပေါ့။ ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း ဖွံံ့ဖြိုးခါစပဲရှိသေးတယ်။ အဲဒီလို မရင့်သေးတဲ့အခါ ကိုယ်ခံ အားကလည်း နည်းတယ်လေ။” ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောသည်။

အဆိုပါ ကလေးငယ်မှာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကျေးရွာမှ အသက် ၁၃ လသား အရွယ် ယောကျ်ားလေး တစ်ဦးဖြစ်ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ဖြစ်သည်။

“ ၉ ရက်နေ့က ဆေးရုံတက်တာပေါ့။ အဲဒါနဲ့ ၁၀ ရက်နေ့လောက်က သံသယရှိလို့ဆိုပြီး သွေးစစ်တော့ Positive တွေ့တယ်။ အဲ့တော့ကျွန်မတို့က သေချာအောင်ဆိုပြီး ဓာတ်ခွဲကိုပို့တော့ မနေ့က အတည်ပြုတယ်ပေါ့။ H1N1 ဆိုတာ ”ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကြည်ကြည်သာက  မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဆေးရုံကြီးတွင် ဇူလိုင် ၂၈ ရက်နေ့မှ စတင်ကာ ရာသီတုပ်ကွေးရောဂါ လူနာ ၁၂၄ ဦးရှိခဲ့ပြီး ယင်း အနက်မှ ၁၀၀ ဦးတို့မှာ သာမန် နှာရည်ယို၊ ချောင်းဆိုးခြင်း လက္ခဏာသာဖြစ်၍ သောက်ဆေးအဆင့်ပေးခဲ့ပြီး ကျန် ၄ ဦးတို့မှာ ပြင်းထန် လူနာဖြစ်၍ ဆေးရုံသို့ တက်ရောက်ကုသမှုခံယူလျက်ရှိခဲ့ရာမှာ တစ်ဦးကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်တွေပြည်သူ့ဆေးရုံသည် ကုတင် ၅၀၀ ဆံ ဆေးရုံဖြစ်သလို ရခိုင်ပြည်နယ်တစ်ခုလုံး၏ မရှိမဖြစ် အားထားရသော အဆင့်မြင့် ဆေးရုံတစ်ခုလည်း ဖြစ်သည်။

ယခုအခါ အဆိုပါ ကလေးငယ်အား ဆေးရုံတွင် သီးခြားထားရှိထားပြီး၊ ၎င်း ကလေးမှတဆင့် တခြားသော ကလေးများထံ မကူးစက်စေ အဆင့်ဆင်ကာကွယ်မှုများပြုလုပ်ထားပြီး ပြည်သူ့ကျန်းမာရေးဌာန၏ တာဝန်ရှိသူများမှ ခွင့်ပြုချက်မရှိဘဲ သွားရောက်တွေ့ဆုံ မေးမြန်းမှုများ မပြုလုပ်ရန်လည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကြည်လွင်က ပြောသည်။

စစ်တွေမြို့တွင် H1N1 စတင် တွေ့ရှိပြီးနောက် ၎င်း ကလေးငယ် နေထိုင်ခဲ့သော ကျေးရွာ ဗျိုင်းဖြူရွာအနီး ပတ်ဝန်းကျင်အား ကျန်းမာရေးဌာနမှ သွားရောက် ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် H1N1 ရောဂါကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန် အသက်ရှု လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ကုသသူ စုစုပေါင်း လူနာ (၅၃၅)ဦးအနက် H1N1 ပိုးတွေ့လူနာ စုစုပေါင်း (၂၀၄) ဦးရှိခဲ့ပြီး ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၂၃) ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly