အမေရိကန်ကို တိုက်ရန် ပြည်သူ သုံးသန်းခွဲ စစ်ထဲဝင်ဖို့ စာရင်းပေးထားဟု မြောက်ကိုရီးယား ထုတ်ပြန်

အမေရိကန်ကို တိုက်ရန် ပြည်သူ သုံးသန်းခွဲ စစ်ထဲဝင်ဖို့ စာရင်းပေးထားဟု မြောက်ကိုရီးယား ထုတ်ပြန်

ဝါရှင်တန်နှင့် ပြံုယမ်းတို့၏ တင်းမာမှု ဒီရေ မြင့်မားလျက်ရှိချိန် အမေရိကန်နိုင်ငံအား တိုက်ခိုက်ရန် လူငယ်နှင့် စစ်မှုထမ်းဟောင်း သုံးသန်းခွဲနီးပါး စစ်တပ်သို့ ဝင်ရောက်ခွင့်ရရေးအတွက် စာရင်းပေးသွင်းလာကြောင်း မြောက်ကိုရီးယားက သြဂုတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ခြင်းကို လက်တုံ့ပြန်ရေး မြောက်ကိုရီးယားအစိုးရက ကြေညာခဲ့သည့် သြဂုတ် ရ ရက်မှ စကာ သုံးရက်အတွင်း ကျောင်းသားများ၊ လူငယ် အလုပ်သမားများနှင့် စစ်သားဟောင်းများ ၃ ဒဿမ ၄၇ သန်းက စစ်ထဲဝင်ရောက်ရန် စာရင်းပေးကြကြောင်း နိုင်ငံပိုင် Rodong Sinmun သတင်းစာက ဖော်ပြသည်။

“အမေရိကန်ကို တိုက်ဖို့အတွက် တစ်နိုင်ငံလုံးအနှံ့က ပြည်သူတွေ စိတ်အားတက်ကြွနေတယ်။”ဟု အဆိုပါ အလုပ်သမားပါတီ သတင်းစာက ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် လူဦးရေ ၂၅ သန်းရှိပြီး စစ်တပ်တွင် ခုနစ်သိန်းမှ ၁ ဒဿမ ၃ သန်း အမှုထမ်းနေသည်။

သြဂုတ် ၉ ရက်တွင်လည်း မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံက ပြံုယမ်းရှိ ကင်အီဆွန်းရင်ပြင်တွင် လက်ရှိခေါင်းဆောင် ကင်ဂျုံးအွန်အား ကာကွယ်ရေးနှင့် ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှုတ်ချသည့် ပိုစတာ၊ စာတမ်းများ ကိုင်ဆောင်ကြလျက် ထောင်သောင်းများစွာသော ပြည်သူများ ဆန္ဒဖော်ထုတ်မှုကို ထုတ်လွှင့်ခဲ့သည်။

မကြာသေးမီက ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခြင်းကြောင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂက ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly