ဖြုတ်ချခံ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းက အင်အားပြသည့် အနေဖြင့် အမာခံမြို့ လာဟိုးသို့ စီတန်းချီတက်

ဖြုတ်ချခံ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းက အင်အားပြသည့် အနေဖြင့် အမာခံမြို့ လာဟိုးသို့ စီတန်းချီတက်

လာဟိုး၊ သြဂုတ် ၁၂ ။                ။ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝတ်ရှာရစ်သည် ၄င်း၏ အင်အားနှင့် တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်မှု ပြသည့်အနေဖြင့် စီတန်းချီတက် သွားလာခြင်းအား ၄င်း၏ အမာခံမြို့ဖြစ်သော လာဟိုးသို့ ရှေးဟောင်း ဂရန့်ထရန့်လမ်းမကြီးမှ သြဂုတ် ၁၀ ရက်တွင် ယာဉ်တန်းသွားလာပြီး လူထုထောက်ခံမှုကို ခံယူသည်။

ညပိုင်းတွင် ပန်ဂျပ် ဂျာဟီလမ်မြို့တွင် ရပ်တန့်ပြီး လူအင်အား တစ်သောင်းနီးပါး စုရုံးရောက်ရှိနေရာတွင် မိန့်ခွန်းပြောကြားရာ ပြီးခဲ့သည့်လအတွင်းက အကျင့်ပျက်ခြစားမှုဖြင့် တရားရုံးချုပ်က ၄င်းအား ရာထူးက ဖယ်ရှားရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းသည် ပါကစ္စတန်ကို စော်ကားလိုက်ခြင်းပဲဖြစ်ကြောင်း ပြောသည်။

ဂျာဟီလမ်မြို့ အိမ်များ၏ အိမ်ခေါင်မိုးများပေါ်တွင်လည်း မိသားစုများ စုရုံးကာ သေနတ်များ ပစ်ဖောက်ပြီး ရှာရစ်ကို ဂုဏ်ပြုကြသည်။

ပန်ဂျပ်ခြင်္သေ့ကြီးဟု နာမည်ရထားသူ ရှာရစ်က ကျည်ကာကား နောက် အကာအကွယ်ဖြင့် ယာယီစင်မြင့်မှနေကာ လူအုပ်အား ကွဲအက်အက် အသံဖြင့် မိန့်ခွန်းပြောခဲ့ရာတွင် သူ့၏ လိပ်ပြာက သန့်ရှင်းသည်ဟု ပြောဆိုသည်။

နှစ်ပေါင်း နှစ်ထောင်သက်တမ်းရှိ ရှေးဟောင်းကုန်သွယ်လမ်းကြောင်း ဂရန့်ထရန့်လမ်းမကြီးမှ ရှာရစ်၏ ယာဉ်တန်း မောင်းနှင်စဉ် ခေါင်းဆောင်ဟောင်းအား တစ်ခဏတာ တွေ့ရရန် လမ်းတစ်လျှောက်   ပြည်သူများ စီတန်းရောက်ရှိကြသည်။

ယခုခရီးစဉ်အတွက် အထူးဒီဇိုင်းထုတ် ထားသော ဗုံးကာ ကျည်ကာယာဉ်ဖြင့် ရှာရစ်က ယခုကဲ့သို့ ခရီးစဉ် သွားလာခြင်းသည် တရားရုံးချုပ်က အပြစ်ချခဲ့သော်လည်း ၄င်း၏ အင်အားတောင့်တင်းဆဲဖြစ်ကြောင်းကို  ပြသရန်လည်း ရည်ရွယ်သည်။

လာဟိုးမြို့တွင် သြဂုတ် ရ ရက်က ထရပ်ကားဗုံး ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦး သေဆုံးထားခြင်းကြောင့် ရှာရစ်၏ ယာဉ်တန်းအား အထူးလုံခြံုရေးများ ဝိုင်းရံကာ သွားလာခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ရှာရစ်သည် ပနားမားစာတမ်းများဟု ဆိုကြသော ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများတွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့် ငြိစွန်းမှုရှိ၍ အစိုးရရုံးတာဝန်နှင့် မထိုက်တန်ဟု ပါကစ္စတန် တရားရုံးချုပ်က ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ဇူလိုင် ၂၈ ရက်က ရာထူးမှ ဆင်းပေးလိုက်ရခြင်း ဖြစ်သည်။

ပနားမားမှ ဥပဒေအကျိုးဆောင်ကုမ္ပဏီ Mossack Fonseca မှ ပေါက်ကြားခဲ့သော စာရွက်စာတမ်းပေါင်း ၁၁ ဒဿမ ၅ သန်းတွင် ရှာရစ်မိသားစု၏ ပြည်ပပိုင်ဆိုင်မှုများပါ ပါဝင်နေရာမှ ၂၀၁၆ ဧပြီမှစပြီး အမှုစွဲဆို ခံရခြင်းဖြစ်သည်။

ရှာရစ်၏ သားသမီးများသည် ဗြိတိသျှ ဗာဂျင်ကျွန်းတွင် ကုမ္ပဏီများ တည်ထောင်ထားပြီး လန်ဒန်တွင် ဓနဥစ္စာများအား ထိန်းသိမ်းကြပ်မတ်နေခြင်းဖြစ်ကြောင်း ပေါက်ကြားခဲ့သည့် ပနားမားစာတမ်းများအရ သိရသည်။

လက်ရှိတွင် ပါကစ္စတန် ဝန်ကြီးချုပ်သစ်အဖြစ် ရေနံဝန်ကြီးဟောင်း ရှာဟစ်ခါကန်အဘာစီအား သြဂုတ် ၁ ရက်တွင် လွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly