ရခိုင်တွင် စစ်သည်အင်အား တိုးချဲ့ချထားမှုအား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် မစ္စ ယန်ဟီလီ တိုက်တွန်း

ရခိုင်တွင် စစ်သည်အင်အား တိုးချဲ့ချထားမှုအား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် မစ္စ ယန်ဟီလီ တိုက်တွန်း

ဂျီနီဗာ၊သြဂုတ် ၁၂ ။            ။ ရခိုင်ပြည်နယ်မှာ လုံခြံုရေးဆောင်ရွက်ဖို့ တပ်မတော်တပ်ရင်းတစ်ခု စေလွှတ်ကာ အင်အားတိုးချဲ့ ချထားလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စယန်ဟီလီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ မနေ့က ထွက်ပေါ်ခဲ့တဲ့ ဒီရခိုင်ပြည်နယ်မှာ စစ်သည်အင်အားတိုးချဲ့မှုကိစ္စက စိုးရိမ်ပူပန်စရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်၊ လုံခြံုရေးတပ်ဖွဲ့ဝင်အင်အားစုတွေအနေနဲ့ အခြေအနေအရပ်ရပ်အောက်မှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပြီး ရခိုင်ပြည်နယ်လုံခြံုရေးကို ကိုင်တွယ်ဆောင်ရွက်ရာမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာစေဖို့အတွက်ကိုလည်း မြန်မာအစိုးရဘက်က လုပ်ဆောင်ရပါလိမ့်မယ်” ဆိုပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီက ပြောဆိုသွားပါတယ်။

“လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းကတော့ မောင်တောနဲ့ ရသေ့တောင်တို့မှာ နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနောက်ပိုင်း လုံခြံုရေးတပ်ဖွဲ့တွေရဲ့ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေ   ဆောင်ရွက်ခဲ့တဲ့နောက်မှာတော့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်ချက်တွေ ထွက်ပေါ်ထားခဲ့တဲ့ကိစ္စကို ကျွန်မ အထူးပဲ အမှတ်ရနေမိပါတယ်” လို့လည်း ၎င်းက ဆိုပါတယ်။

“ ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေကမှ ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာထဲမှာဆိုရင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စ စွဲချက်တော်တော်များများဟာ ခုထိ စုံစမ်းစစ်ဆေးဆဲ ဒါမှမဟုတ် ထပ်မံ စစ်ဆေးဖို့ လိုနေသေးတယ်ဆိုတာကိုလည်း ကျွန်မ သတိပြုထားမိပါတယ်” လို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့လည်း ဒီ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်တွေ ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ မီးရှို့မှုတို့လိုမျိုး ပြစ်မှုတွေထဲက တော်တော်များများကိုလည်း စိစစ်အတည်ပြုနိုင်ခဲ့ခြင်းမရှိဘူးဆိုတာ ၀န်ခံခဲ့သလို ယင်းကိစ္စတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကိုပဲ သီးခြားကိုင်တွယ်ခိုင်းထားခဲ့ပါတာဖြစ်ပါတယ်” လို့ မစ္စ ယန်ဟီလီက ပြောပါတယ်။

“ နောက်ပြီး သြဂုတ်လ ၃ ရက်က မြို တိုင်းရင်းသား ခြောက်ဦး အသတ်ခံရတဲ့ ကိစ္စအပါအဝင် ဒေသခံပြည်သူတွေအပေါ် ထိခိုက်စေလျက်ရှိတဲ့ ဖြစ်စဉ်တွေလည်း ထပ်မံထွက်ပေါ်နေခဲ့ပါတယ်၊ ဒီလိုမျိုး ဖြစ်စဉ်တွေ ပေါ်ထွက်ပြီးချိန်မှာ ရခိုင်ပြည်နယ်မှာ နေထိုင်နေကြသူတွေရဲ့ ဘေးကင်းလုံခြံုရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ၊ ပြည်သူတွေအားလုံးနဲ့အတူ ကျွန်မလည်း အထူးစိုးရိမ်ပူပန်မိပါတယ်” လို့လည်း ၎င်းက ဆိုပါတယ်။

ဒါ့ကြောင့် ယခုအချိန်မှာ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုရန်ကနေ ဒေသခံပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အတွက်  အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ လက်ခံပါကြောင်း၊ သို့ပေမယ့်လည်း ဒီလို တာဝန်ယူဆောင်ရွက်မှုက ပြည်နယ်မှာ နေထိုင်သူအားလုံးကို ခြံုငုံစေရမှာဖြစ်ကြောင်း၊ အာဏာပိုင်တွေအနေနဲ့ လူတစ်ချို့အတွက်ပဲ တစ်ခြားသူတွေထက် ပိုပြီး လုံခြံုရေးထောက်ပံ့ပေးတာမျိုး လုပ်လို့မရနိုင်ကြောင်း ၎င်းက ပြောကြားသွားပါတယ်။

ယခုလိုမျိုး လုံခြံုရေးအတွက် အင်အားအသုံးပြုရာမှာလည်း လက်တွေ့လိုအပ်မှု  အတိုင်းအတာနဲ့သာ အညီ အမြဲလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ လူသားဘဝတွေအပေါ် အပြည့်အဝ   လေးစားလိုက်နာဖို့အတွက် အချိုးကျကျသာ လုပ်ဆောင်ရမှာဖြစ်ကြောင်း ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်က သတိပေးသွားပါတယ်။

“ ဒါကြောင့် လုံခြံုရေးတပ်ဖွဲ့တွေ အနေနဲ့ သက်ဆိုင်ရာဒေသလုံခြံုရေးအတွက် လုပ်ဆောင်ကြတဲ့နေရာမှာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်း၊ စံနှုန်းတွေနဲ့သာအညီ လိုက်နာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်” လို့ မစ္စ ယန်ဟီလီက ပြောပါတယ်။

ယခုလို မစ္စယန်ဟီလီရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့လည်း ဥပဒေပြင်ပ စီရင်ကွပ်မျက်မှု၊ မစဉ်းမစား မဆင်မခြင် ဗြံုးစား လုပ်ဆောင်မှု၊ တစ်ဘက်သက် စီရင်လုပ်ဆောင်မှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ အာ့နက်စ် ကယ်လာမာ့ဒ်က လည်း ထောက်ခံသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly