ယခုနှစ်အတွင်း မြန်မာ့တောဆင်ရိုင်း အနည်းဆုံး အကောင်ရေ ၃ဝ ထိအသတ်ခံခဲ့ရ

ယခုနှစ်အတွင်း မြန်မာ့တောဆင်ရိုင်း အနည်းဆုံး အကောင်ရေ ၃ဝ ထိအသတ်ခံခဲ့ရ

ရန်ကုန်၊ သြဂုတ်လ ၁၂ ။           ။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ယခုနှစ် ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာ့တောဆင်ရိုင်း အနည်းဆုံးအကောင်ရေ ၃ဝ ထိ အသတ်ခံခဲ့ရသည့်အတွက် မြန်မာတောဆင်ရိုင်းများ၏ အနာဂတ်မှာ အထူးစိုးရိမ်နေရကြောင်း နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI) ၏ တနင်္သာရီဒေသထိန်းသိမ်းရေး အစီအစဉ် ညှိနှိုင်း ရေးမှူး ဦးနေမျိုးရွှေက မဇ္စျိမသို့ ပြောသည်။

ထိုသို့ အသတ်ခံခဲ့ရသည့် မြန်မာတောဆင်ရိုင်းအကောင် ၃ဝ ခန့်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ သစ် တောဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ရရှိသည့် ပမာဏသာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအရ လက်လှမ်းမမီသည့် နေရာများရှိ တောဆင်ရိုင်းများ အသတ်ခံရမှု ပမာဏမပါဝင်ကြောင်း သိရသည်။

“ အဓိကတော့ ဒီဆင်တွေပစ်ခတ်တဲ့ ဆင်မုဆိုးဂိုဏ်း တွေရှိတယ်ဆိုရင် ဒါတွေကျွန်တော်တို့ ပိုပြီး တိုးမြှင့်ပြီး တော့ ထိန်းသိမ်းရေးတွေ ဆောင်ရွက်ရမှာပေါ့။ ဥပမာ ကင်းလှည့်ထိန်းသိ်မ်းရေး ဆောင်ရွက်ဖို့။ ဆက်စပ်ဌာန တွေနဲ့ ပိုမိုပေါင်းစပ်ဆောင်ရွက်ဖို့ပေါ့။ ဆိုလိုတဲ့သဘောက ဒီနှစ်အတွင်းမှာ ဆင် အနည်းဆုံးအကောင်ရေ ၃ဝ လောက် သေဆုံးခဲ့တယ်ဆိုတာက ရဲစခန်းနဲ့ သစ်တောဌာနက သတင်းလောက်ပဲရှိပါတယ်။ တစ်ချို့သော နေရာတွေမှာ အဲ့ဒီဌာနတွေက မရတဲ့ သတင်းမျိုးတွေလည်းအများကြီး ရှိပါတယ်။ ဆိုတော့ ရည်ရွယ်ချက်က ဆက်စပ်ဌာန တွေရဲ့ အားတွေလည်း အများကြီးလိုအပ်ပါတယ်” တနင်္သာရီဒေသထိန်းသိမ်းရေးအစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက မဇ္စျိမသို့ ပြောသည်။

ထိုသို့ ဆင်အစွယ်၊ ဆင်အသားနှင့် ဆင်အရေခွံ စျေးကွက်များကြောင့် မြန်တောဆင်ရိုင်းများ အသတ်ခံရမှု ကြောင့် ဆင်ကောင်ရေကျဆင်းလာနေမှုနှင့် ပတ်သက်၍ အထူးစိုးရိမ်မိကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့အစည်းများက ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့တွင် ပူးပေါင်းကြေညာခဲ့ကြောင်း WCS (မြန်မာ)က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့တောဆင်ရိုင်းများကို ဆင်မုဆိုးများက ယေဘုယျအားဖြင့် ပေါက်ကွဲအားပြင်း ရိုင်ဖယ်သေနတ်များ သို့ မဟုတ် အဆိပ်လူးမြားများ ဖြင့် ပစ်ခတ်ပြီး တစ်ဖြည်းဖြည်းသေဆုံးစေကာ အရေခွံခွာယူကြခြင်းဖြစ်သည်။

“ ကနဦးတုန်းက ဆင်အထီးပေါ့ အစွယ်စုံရှိတဲ့ဆင်တွေက ပစ်မှတ်ပါ။ အဲ့ဒီနောက်ပိုင်းမှာကျတော့ အစွယ် တင်မ ကတော့ဘူး။ အသားတွေရော၊ ဆင်သားရေတွေလည်း ဖြစ်လာတဲ့အတွက် ဆင်အမတွေနဲ့ ဆင်သား ပေါက်က လေးကအစ ပစ်မှတ်ဖြစ်လာတာပေါ့။ အရင်ကတော့ ဆင်အထီးကပဲ ပစ်ခံရဖို့ ရာခိုင်နှုန်းများပါတယ်။ သို့သော် အခုနောက်ပိုင်းမှာ ဆင်တွေရဲ့စျေးကွက်ပေါ့။ ဆင်အသား၊ ဆင်သားရေစျေးကွက်တွေက ပိုမိုတွင် ကျယ်လာတဲ့ အတွက် ပိုပြီးစိုးရိမ်လာရတဲ့ အခြေအနေရောက်နေပါပြီ ”ဟု တနင်္သာရီဒေသထိန်းသိမ်းရေးအစီအစဉ် ညှိနှိုင်း ရေးမှူး ဦးနေမျိုးရွှေက ပြောသည်။

ဆင်သားရေခွာယူမှု အများစုမှာ ရည်ရွယ်ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ဆင်များနှင့် လူများအကြား ပဋိပက္ခဖြစ်ပွားပြီး သေဆုံးမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရပြီး အစိုးရမှတ်တမ်းများ အရ ၂ဝ၁ဝ ခုနှစ်မှ စပြီး အမဲလိုက်သတ်ဖြတ်မှု သို့မဟုတ် နယ်မြေအတွက် ပဋိပက္ခဖြစ်မှုတို့ကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပြီး ဆင် ၉၅ ကောင်ထိ သေဆုံးခဲ့ရကြောင်း သိရသည်။

ပုသိမ်ခရိုင်တွင် ပြီးခဲ့သည့် သြဂုတ်လဆန်းက ငပုတောမြို့နယ် မြစ်တရာကြိုးဝိုင်းထဲမှာ ၂၆ နှစ်ရှိ ဆင်တစ်ကောင်နှင့် ၄နှစ်ရှိ ဆင်တစ်ကောင် အဆိပ်ဒဏ်ရာဖြင့် တစ်ရက်ခြား သေဆုံးမှုဖြစ်ပွားခဲ့သည်။ ပုသိမ်ခရိုင်အတွင်းမှာပင် ယခုနှစ်ဝက်အတွင်း ၁၂ကောင် အသတ်ခံရမှုရှိနေပြီး ယမန်နှစ်က တ၃စ်နှစ်လုံးတွင် ၁၃ကောင် အသတ်ခံခဲ့ရသည်။

လက်ရှိတွင် မြန်မာ့တောဆင်ရိုင်း အကောင်ရေမှာ ၁၄ဝဝ နှင့် ၂ဝဝဝ ကြား ကျန်ရှိမည်ဟု ခန့်မှန်းထားသော် လည်း လက်တွေ့ ထိုပမာဏထက်များစွာ လျော့နည်းနိုင်ကြောင်း WCS (မြန်မာ) ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် မြန်မာ့တောဆင်ရိုင်းများ ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရနှင့်ပူးပေါင်းပြီး အဓိက အမဲလိုက်သတ် ဖြတ်မှု ဖြစ်ပွားရာနေရာများတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ထိန်းသိမ်းရေးဝန်ထမ်း ၄၅ ဦးကို အထူးပြု နည်းပညာ များ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly