အကြမ်းဖက်ခံရပြီးနောက်ပိုင်း ကိုင်းကြီးကျေးရွာသားများ တောင်ပေါ်တက်အလုပ်လုပ်ရန် စိုးရိမ်

အကြမ်းဖက်ခံရပြီးနောက်ပိုင်း ကိုင်းကြီးကျေးရွာသားများ တောင်ပေါ်တက်အလုပ်လုပ်ရန် စိုးရိမ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှ မြိုလူမျိုး ၈ ဦးသည် မေယုတောင်ပေါ်တွင် အကြမ်းဖက် သတ်ဖြတ်မှုကို ခံလိုက်ကြရပြီးနောက်ပိုင်းတွင် ကိုင်းကြီးကျေးရွာနေ   ဒေသခံများသည်   တောင်ပေါ်တက်၍ အလုပ်လုပ်ကိုင်ရန်အတွက် စိုးရိမ်နေကြကြောင်း ကိုင်းကြီးကျေးရွာဒေသခံများက ပြောဆိုသည်။

အဆိုပါမောင်တောဒေသတွင် လုံခြံုရေး ရဲကင်းစခန်းကို တိုးမြှင့်ချထားသော်လည်း လက်ရှိမှာ ဒေသခံများ အနေဖြင့် ယခင်လို နောက်ထပ်အကြမ်းဖက်သတ်ဖြတ်ခံရမည်ကို စိုးရိမ်နေကြသောကြောင့်   တောင်ပေါ်တက်၍ တောင်ယာလုပ်ငန်း မလုပ်ကိုင်ရဲကြခြင်းဖြစ်ကြောင်း ကိုင်းကြီးကျေးရွာဒေသခံဖြစ်သော ဦးခိုင်လင်းချိုက ပြောသည်။

“ရွာမှာတော့ လုံခြံုရေးတွေ ရှိပါတယ်။ ဒါပေမဲ့ အရင်လိုတောင်ပေါ်တက်ပြီး တောင်ယာလုပ်ငန်းတွေကို မလုပ်ရဲကြတော့ဘူး။ တောင်ပေါ်သွားရင် လုံခြံုရေးတွေက တောင်ပေါ်ထိလိုက်ပြီး လုံခြံုမှုကို မပေးနိုင်ဘူးလေ။ ကျွန်တော်တို့ အလုပ်က အဓိကတောင်ပေါ်မှာပဲ လုပ်ရတာပါ။ အခုတောင်ပေါ်မှာ ပဲခင်းတွေ၊ ခရမ်းခင်းတွေ စိုက်ထားတာရှိပါတယ်။ ဒါပေမဲ့တောင်ပေါ်ကို မတက်ရဲတော့ စိုက်ထားတဲ့ယာခင်းတွေကို လုပ်ကိုင်လို့ မရတော့ဘူး။”ဟု ဦးခိုင်လင်းချိုက ပြောသည်။

အဆိုပါကျေးရွာသား ဒေသခံများအနေဖြင့် တောင်ပေါ်တက်၍ တောင်ယာမလုပ်ကိုင်နိုင်ကြသည့်အတွက် စားဝတ်နေရေး အတွက် အခက်ခဲဖြစ်နေကြောင်းလည်း ၎င်းကဆက်ပြောသည်။

“အခုရွာသားတွေက အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ရဲကြတော့ဘူး။ တောင်ပေါ်လဲ မတက်ရဲကြဆိုတော့ တောင်ပေါ် မှာ စိုက်ထားတဲ့ ဟင်းတွေကိုခူးပြီး စျေးမှာမရောင်းရတော့ဘူး။ ဟင်းတွေကို စျေးမှာမရောင်းရတော့ စားဝတ်နေရေးအတွက် အင်မတန်အခက်ခဲဖြစ်နေတယ်။”ဟု ဒေသခံ ဦးချိုလွင်က ပြောသည်။

အဆိုပါကိုင်းကြီးကျေးရွာက မြိုလူမျိူး ၈ ဦးသည် သြဂုတ်လ ၃ ရက်နေ့က အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံရပြီး သြဂုတ်လ ၄ ရက်နေ့တွင် မယူကမ်းအပိုင် အောက်နန်းရာရွာသား (၆၀၀) ခန့်က တရားခံသွားဖမ်းသော နယ်ခြားစောင့် လုံခြံုရေးတပ်ဖွဲ့ကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required