ကျူးဘားတွင် အသံလှိုင်းလက်နက်ဆန်းတစ်မျိုးဖြင့် သံတမန်များ တိုက်ခိုက်ခံခဲ့ရဖွယ်ရှိ၍ အမေရိကန် စုံစမ်းနေ

ကျူးဘားတွင် အသံလှိုင်းလက်နက်ဆန်းတစ်မျိုးဖြင့် သံတမန်များ တိုက်ခိုက်ခံခဲ့ရဖွယ်ရှိ၍ အမေရိကန် စုံစမ်းနေ

ဟာဗားနား၊ သြဂုတ် ၁၁ ။           ။ ကျူးဘားနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော သံတမန်များသည် အသံလှိုင်းလက်နက်ဆန်းတစ်မျိုးဖြင့် တိုက်ခိုက်ခံခဲ့ရဖွယ်ရှိသည်ဆိုသော သတင်းများထွက်ပေါ်ပြီး ကျန်းမာရေး ယိုယွင်းလာခြင်းကြောင့် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

ပြီးခဲ့သည့်နှစ်အတွင်း စတင်ဖြစ်ပွားနေခဲ့ဖွယ်ရှိသော ထိုဖြစ်ရပ်တွင် ကျူးဘားကို တိုက်ရိုက်အပြစ်ဆိုရန် အမေရိကန်တာဝန်ရှိသူများက ငြင်းဆိုထားသကဲ့သို့ အမေရိကန် သံအမှုထမ်းများကို အကာအကွယ်ပေးထားလျက်ရှိကြောင်း ကျူးဘားဖက်က အခိုင်အမာ ပြောသည်။

ထိုသို့ ကျန်းမာရေးယိုယွင်း ထိခိုက်သူများ၏ ဖြစ်စဉ်ဖြစ်ရပ်နှင့် အရေအတွက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ အမျိုးသမီးက အသေးစိတ် မပြောသေးဘဲ အမေရိကန် သံတမန် တော်တော်များများ ကျန်းမာရေး ကုသမှုအတွက် နိုင်ငံသို့ ပြန်လာကြသည်ဟု အတည်ပြုသည်။

ထိုသံတမန်များမှာ ကျူးဘားနိုင်ငံ ဟာဗားနားမြို့ ၎င်းတို့နေထိုင်ရာအဆောက်အအုံ အတွင်းအပြင် တစ်နေရာရာမှ အသံလှိုင်းကိရိယာလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဖွယ်ရှိသည်ဟု အမည်မဖော်သော တာဝန်ရှိသူများက CNN နှင့် အခြားအမေရိကန်သတင်းဌာနများကို ပြောထားသည်။

တစ်ချို့သောနိုင်ငံများသည် အသံလှိုင်း သို့မဟုတ် နှုန်းလွန်သံလှိုင်း လက်နက်များကို လူအုပ်အစုအဝေးများအား ထိန်းရန် သို့မဟုတ် ဥပမာအားဖြင့် ပင်လယ်ပြင် ပင်လယ်ဓားပြများအား သေစေနိုင်သော လက်နက်များ မသုံးဘဲ ဟန့်တားရန် ဖြန့်ကြက်ထားကြသည်။

သို့သော် ၎င်းလက်နက်များကို အင်အားပါသော ထောက်လှမ်းရေးလုပ်ငန်းများတွင် လည်းကောင်း၊ သံတမန်မစ်ရှင်များကို အကြမ်းဖက်ခြင်းများတွင်လည်းကောင်း အသုံးပြုသည့် ဖြစ်စဉ်မျိုး မရှိဘူးသေးပေ။

ယခုဖြစ်ပွားနေသော မတော်တဆမှုနှင့် ပတ်သက်ပြီး ဝါရှင်တန်က ဟာဗားနားကို တိုက်ရိုက်စွပ်စွဲခြင်း မရှိဘဲ စုံစမ်းစစ်ဆေးမှုများသာ လုပ်ဆောင်နေဆဲဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟတ်တာနော့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required