မော်ကျွန်းတွင် ဆီဆိုင် ၁၂၂ဆိုင်ရှိနေ၍ မီးဘေးအန္တရာယ်အတွက် လွှတ်တော်တွင်ဆွေးနွေး

မော်ကျွန်းတွင် ဆီဆိုင် ၁၂၂ဆိုင်ရှိနေ၍ မီးဘေးအန္တရာယ်အတွက် လွှတ်တော်တွင်ဆွေးနွေး

ပုသိမ်၊ သြဂုတ် ၁၁ ။        ။ မော်ကျွန်းမြို့နယ်တွင် ရပ်ကွက် ၁၃ ခုတွင် ဆီဆိုင်ပေါင်း ၁၂၂ ဆိုင် ရှိပြီး မီးဘေးအန္တရာယ်စိုးရိမ်ရကြောင်း မော်ကျွန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဝေယံထွန်းက တိုင်းလွှတ်တော်တွင် ပြောဆိုဆွေးနွေးခဲ့သည်။

မော်ကျွန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဝေယံထွန်းက ဩဂုတ်လ ၁၁ ရက်နေ့၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အဆိုအား   ထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

"ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလဲခြင်းအကျိုးဆက်ကို မိမိတို့နိုင်ငံလည်းခံစားနေရပါတယ်။ နွေရာသီမှာ ပူပြင်းသောကြောင့် အခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး မီးဘေးခံစားရနိုင်ပါတယ်။   ကျေးရွာနှင့် ရပ်ကွက်တွေမှာ ဆီများသိုလှောင်ရောင်းချနေခြင်းအပေါ် ပြည်သူများမှ မိမိကိုယ်စားလှယ်များအပေါ် တင်ပြထားမှုများရှိပါတယ် ။ မိမိတို့အနေနဲ့သက်ဆိုင်ရာမြို့နယ်အစည်းအဝေးတွေမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ ပြောရုံလောက်နဲ့မလုံလောက်ပါဘူး။ အစိုးရအနေနဲ့ထိထိရောက်ရောက် လေးလေးနက်နက် ပြည်သူအများအကျိုးစီးပွားကိုကာကွယ်သင့်ပါတယ်၊ဆွေးနွေးရခြင်းမှာ သက်ဆိုင်ရာ လုပ်ငန်းရှင်များ အကျိုးစီးပွား ထိခိုက်နစ်နာလိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆွေးနွေးခြင်းမဟုတ်ပါ”ဟု မော်ကျွန်းမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဝေယံထွန်းက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

မီးဘေးအန္တရာယ်ကြံုလျှင် လမ်းကျဉ်း မီးသတ်ကားဝင်မရခြင်း၊  မီးသတ်ဝန်ထမ်းမလုံလောက်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ကြံုတွေ့လျှင် ပြည်သူများ မိနစ်ပိုင်းအတွင်းပြာကျမှာဖြစ်ပြီး   ပြန်လည်ထူထောင်ပါက ဆုံးရှံုးမှုများစွာအတွက် အချိန်များစွာပေးဆပ်ရပြီး ၎င်းက ဆက်လက်ဆွေးနွေးသည်။

မြို့နယ်အချို့တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီများကို မြို့လယ်ခေါင်ရပ်ကွက်၊ စျေးခန်းကျဉ်းများမှာ ရောင်းချသိုလှောင်ထားမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စိစစ်ကြပ်မတ်ပေးရန် ဝါးခယ်မမြို့နယ် တိုင်းကိုယ်စားက အဆိုတစ်ရပ်တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ဧရာဝတီတိုင်းဒေသကြီးက အချို့သော မြို့နယ်၊မြို့များ၊ ကျေးရွာများတွင် စက်သုံးဆီအမျိုးမျိုးကို လွတ်လွတ်လပ်လပ်ရောင်းချနေကြပါတယ်။ လူစည်းကားရာ မြို့လယ်ခေါင်တွေ လမ်းဘေးတွေ   စျေးဘေးတွေ ရပ်ကွက်တွေထဲမှာ ပြောင်ပြောင်တင်းတင်းပဲ ရောင်းချနေပါတယ်။ မြို့အတွင်း ရပ်ကွက်အတွင်းမှာနေကြတဲ့ ပြည်သူတွေဟာ ဘယ်တော့များ မီးလောင်မလဲဆိုပြီး ကြံုတွေခံစားနေရ ပါတယ်။ ယခင်ကဲ့သို့ လုပ်ရပ်မျိုးတွေဟာ အများပြည်သူအဖို့ စိတ်မချမ်းမသာဖြစ်ရပါတယ်”ဟုအဆိုရှင် ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က ဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်အချို့က ဆီဆိုင်များ မီးလောင်ခဲ့ခြင်းများရှိခဲ့သလို ပုသိမ်မြို့တွင်းတွင် ဆီဆိုင်များ ပန့်ဆိုင်များ၊ လမ်းဘေးပုလင်းနှင့်ရောင်းချသည့် ဆီဆိုင်များစွာရှိကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required