သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ကျူးကျော် နေအိမ် ၁၆၀ လုံးကို သတိပေးဖယ်ရှားခိုင်းထား

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ကျူးကျော် နေအိမ် ၁၆၀ လုံးကို သတိပေးဖယ်ရှားခိုင်းထား

ပြည်၊ သြဂုတ် ၁၁ ။            ။ ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့ရှိ သရေခေတ္တရာရှေးဟောင်းဇုန်အတွင်း ကျူးကျော်နေအိမ် ၁၆၀ လုံးကို သတိပေးဖယ်ရှားခိုင်းထားကြောင်း သရေခေတ္တရာ   ရှေးဟောင်းသုတေသနဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုုးဝင်းက သြဂုတ် ၁၁ ရက်တွင် ပြောသည်။

“လယ်ယာမြေထဲမှာ ကျူးကျော်တဲ့အိမ်တွေက တော့ပိုပြီးတော့ မြန်တာပေါ့။ ဘောဘောကြီးလို နေရာမျိုး ကမ္ဘာ့အမွေအနှစ်တန်ဖိုးများတဲ့ဧရိယာတွေ ၊ အဲဒီနေရာတွေမှာ ခွင့်ပြုမိန့်မရဘဲ လယ်ယာမြေထဲမှာ ကျူးကျော်ဝင်ရောက်ပြီးဆောက်နေတဲ့ အိမ်တွေက ခုနှစ်လုံးကနေ ဆယ်လုံးအထိ ဖြစ်လာပြီ။ သီးခြား အဲဒီနေရာတင် မဟုတ်ဘူး ။ ဒီပြင်နေရာတွေမှာလဲ လယ်ယာမြေထဲမှာ တိုးချဲ့ဆောက်တာတွေ ရှိတယ်”ဟု သ​ရေ​ခေတ္တရာရှေး​ဟောင်​းသု​တေသန ဌာနစုဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။

ဖယ်ရှားခိုင်းထားသော နေအိမ် ၁၆၀ အနက် ၂၆ လုံးကို အမှုဖွင့် အရေးယူထားပြီး ၁၃၄ လုံးကို နေပြည်တော် ၀န်ကြီးဌာနရုံးသို့ တင်ပြထားသည်။ ထို့ပြင် ရှေးဟောင်းဇုန် လယ်မြေအတွင်းဆောက်လုပ်ထားသည့် ဘုန်းတော်ကြီးကျောင်း အချို့နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသာသနာရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုုးဝင်းက ပြောသည်။

“တစ်ချို့ဘုန်းကြီးကျောင်းတွေက ကိုယ့်ကျောင်းဝန်းထဲမှာတင် မဟုတ်ဘူး။ ဘုန်းကြီးကျောင်းကနေအပြင်ဘက် လယ်ကွင်းတွေဝယ်လိုက်တယ်။ အဲလယ်ကွက်ထဲမှာ ဆောက်တဲ့ဟာ ၊ အဲ့ဒါမျိုးကြတော့ ကျွန်တော်တို့က တိုက်ရိုက်မကိုင်ဘူး။ သက်ဆိုင်ရာသာသနာရေးဝန်ကြီးဌာနကို မေတ္တာရပ်ခံစာပို့ထားတယ်”ဟု၄င်းကဆိုသည်။

၂၀၁၄ ခုနှစ်ဇွန်လ ၂၁ ရက်တွင် သရေခေတ္တရာ ၊ဟန်လင်း ၊ ဗိသနိုး ပျူမြို့ဟောင်းသုံးခုကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းမဝင်မီ ၂၀၁၃ ခုနှစ် က ရှေးဟောင်းဇုန်အတွင်း လူနေအိမ်များကို သတင်းအချက်အလက် ကောက်ယူစာရင်းပြုစုခဲ့ပြီးဖြစ်သည်။ သို့သော် ယခု နောက်ပိုင်းတွင် လယ်ယာမြေအတွင်း ကျူးကျော်ဆောက်လုပ်သည့် လူနေအိမ်များရှိ လာသည့်အတွက် သတိပေးတားမြစ်ခြင်း နှင့် တရားစွဲဆိုခြင်းများပြုလုပ်ရခြင်းဖြစ်သည်။

ယခင်ကလည်း နေအိမ် ၁၂ လုံးကို တရားဆွဲဆိုခဲ့ရာ တရားရုံးက ဒဏ်ငွေ ၅ သောင်း နှင့် အဆောက်အဦ ဖယ်ရှားရန် အမိန့်ချမှတ်ခဲ့သည်။ တရားစွဲခံရသူ အိမ်ပိုင်ရှင် အချို့က   နေအိမ်ဖယ်ရှားပေးသော်လည်း အမှု မရင်ဆိုင်ဘဲ ထွက်ခွာသွားသူများ ၊ ဒဏ်ကြေးဆောင်ပြီး ဆက်လက်နေထိုင်သူများ လည်းရှိကြောင်းသိရသည်။

ကျူးကျော်နေအိမ်ဆောက်လုပ်သူအများစုမှာ ဒေသခံများမဟုတ်ဘဲ အခြားဒေသမ ှရွှေ့ပြောင်းလာသူများ ဖြစ်ကြောင်း နှင့် လယ်ယာမြေထဲတွင် အိမ်ဆောက်လုပ်ခြင်းအတွက် ရှေးဟောင်းဇုန်ဥပဒေအပြင် လယ်ယာမြေဥပဒေနှင့်ပါအရေးယူသင့်ကြောင်း ဒုတိယညွှန်ကြားရေးမှူး  ဦးကျော်မျိုးဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required