ဒီမိုကရေစီခရီးလမ်းကို မနားတမ်း လှမ်းချီတက်သွားနေသည်ဟု ပြန်ကြားရေးဝန်ကြီး ပြော

ဒီမိုကရေစီခရီးလမ်းကို မနားတမ်း လှမ်းချီတက်သွားနေသည်ဟု ပြန်ကြားရေးဝန်ကြီး ပြော

လက်ရှိအချိန်မှာ သိသာပေါ်လွင်တဲ့ စိန်ခေါ်မှုတွေ ရှိနေသော်ငြားလည်း ဒီမိုကရေစီ ခရီးလမ်းကို မရပ်မနားတမ်း ဆက်လက်ချီတက်သွားနေကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က   ပြောဆိုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲအကြို မဇျိ္စမနဲ့ အင်တာဗျူး တစ်ခုမှာတော့ ဒေါက်တာဖေမြင့်က အစိုးရအနေနဲ့ လက်ရှိတွေ့ကြံုနေရတဲ့ စိန်ခေါ်မှုတွေကို အရေးမကြီးသလို   ဘေးချိတ်ထားခြင်း မရှိကြောင်း၊ ယင်းစိန်ခေါ်မှုတွေအနက် တစ်ချို့ကတော့ ဖြံုရလောက်သည့်အနေအထားတွင်ရှိနေကြောင်း ပြောဆိုသွားပါတယ်။

" ဒါပေမယ့်လည်း ဒီမိုကရေစီအမြစ်တွယ်ပြီးဖြစ်တဲ့ နိုင်ငံတွေ ဒါမှမဟုတ် ခုမှ ဒီမိုကရေစီ ဖြစ်ထွန်းစ နိုင်ငံတော်တော်များများမှာလည်း ဒီမိုကရေစီအပေါ်မှာပဲ ခြိမ်းခြောက်ခံရမှုတွေရှိနေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ခက်ခက်ခဲခဲနဲ့ပဲ ရှေ့ကို ဆက်ပြီး ကြိုးစားချီတက်နေပါတယ်" လို့ ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

တပ်မတော်ကရော အစိုးရနဲ့အတူတူ လိုက်လံကြိုးပမ်းနေခြင်း ရှိပါသလားဆိုပြီး မေးမြန်းရာမှာတော့ ဒေါက်တာဖေမြင့်က စစ်တပ်အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးမှာ ပါ၀င်လုပ်ဆောင်မယ်လို့ ကတိပြုထားကြောင်း၊ ယင်းအပေါ်မှာ သံသယဖြစ်စရာ အကြောင်းမရှိပါကြောင်း ဖြေကြားသွားခဲ့ပါတယ်။

" ဒီမိုကရေစီ ကြိုးပမ်းမှုမှာ  ကျွန်တော်တို့ ဘယ်လောက်တောင် အောင်မြင်မှု ရထားပြီးပြီလဲဆိုတာနဲ့ပတ်သက်လို့ ထင်မြင်ချက်အမျိုးမျိုး ရှိနေကြပါတယ်၊ တစ်ချို့ကလည်း ကျွန်တော်တို့   တော်တော်များများ အောင်မြင်မှု ရရှိထားနိုင်ပြီလို့ ဆိုပါတယ်၊ တစ်ချို့ကျတော့လည်း တော်ရုံသင့်လောက်ပဲ လုပ်ထားနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီမိုကရေစီကို ပြဌာန်းကျင့်သုံးဖို့  ကျွန်တော်တို့   တော်တော်နည်းနည်းပါးပါးလောက်ပဲ အောင်မြင်အောင်လုပ်ဆောင်ထားနိုင်တယ်လို့ ပြောနေတဲ့သူတွေလည်း ရှိတုန်းပါပဲ" လို့ ၎င်းက ဆိုပါတယ်။

ယခုလို မတူညီတဲ့ ထင်မြင်ချက်တွေကိုတော့ အစိုးရဘက်က လေးလေးစားစားနဲ့ပဲ လက်ခံထည့်သွင်းစဉ်းစားပေးပါကြောင်း ၎င်းက ပြောသွားပါတယ်။

" ဒါပေမယ့် တကယ်တမ်းမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအပေါ်မှာ အကြွင်းမဲ့ သံသယမရှိ ယုံကြည်သင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်၊ ကျွန်တေ်ာတို့အနေနဲ့ကတော့ စစ်မှန်တဲ့ လက်တွေ့အသုံးကျတဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ ကြိုးစားသွားနေပါတယ်" ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က မဇျ္စိမကို ပြောပါတယ်။

သုံးရက်တာကျင်းပမယ့် မြန်မာ့ဒီမိုကရေစီဖြစ်စဉ် ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖိုရမ်မှာတော့ ပြည်တွင်းပြည်ပ တတ်သိပညာရှင် ၃၀ ကျော် တို့နဲ့အတူ မြန်မာဥပဒေပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံတကာက အရပ်ဘက်နဲ့ လူ့အခွင့်အရေးအုပ်စုတွေ၊ တတ်သိပညာရှင်တွေ၊ ဂျာနယ်လစ်တွေ၊ စစ်ဘက်ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

အဆိုပါ ဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုစင်တာ-၂ မှာ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပပြီး နိုင်ငံတကာနဲ့ ပြည်တွင်းပါ့တနာလုပ်ငန်းတွေက ပူးပေါင်းပံ့ပိုးပေးထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သြဂုတ် ၁၁ ရက် ယင်းဖိုရမ်မှာ တက်ရောက်အဖွင့်အမှာစကားပြောကြားပေးပါတယ်။

ဖိုရမ်မှာ ပါ၀င်တက်ရောက်လာသူတွေထဲမှာတော့ အရှေ့တောင်အာရှ အရပ်ဘက်-စစ်ဘက်ဆက်ဆံမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ အင်ဒိုနီးရှားက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း Angus Widjojo လည်း ပါ၀င်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်တွေ့အသုံးကျတဲ့ ဒီမိုကရေစီ စနစ်ထူထောင်နိုင်ဖို့အတွက် ဖက်ဒရယ်ဝါဒက အဓိကကျနေတယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

" ကျွန်တော်တို့အနေနဲ့ ပြည်သူတွေအားလုံးအတွက် ကြောက်ရွံ့မှုကင်းပြီး လွတ်လပ်မှုအပြည့်အဝရှိတဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာလည်း ဖယ်ဒရယ်လစ်ဇင်ဆိုတဲ့ စကားလုံးက ပြည်ထောင်စုကို ပြိုကွဲစေနိုင်တဲ့ ရှေ့ပြေးနိမိတ်အဖြစ် လွဲမှားစွာ နားလည်နေခဲ့မှုတွေ ရှိနေခဲ့ကြတယ်ဆိုပြီး ၎င်းက ပြောပါတယ်။

" တစ်ချို့ဒီမိုကရေစီလို့ ထင်ရတဲ့ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ လူအများစုပါ၀င်တဲ့ အမျိုးသားရေးဆိုတာထက် ကျွန်တော်တို့ကတော့ အားလုံးပါ၀င်တဲ့ အမျိုးသားရေးအပေါ်မှာပဲ ယုံကြည်ပါတယ်၊ စစ်မှန်လျော်ကန်တဲ့ ဖက်ဒရယ်တည်ဆောက်မှုပုံစံမရှိပဲနဲ့တော့ မြန်မာနိုင်ငံ ဒါမှမဟုတ် တစ်ခြားဘယ်နေရာမှာမှ ဒီမိုကရေစီကို သတ်မှတ်ပြဌာန်းလို့ မရနိုင်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။

ဖိုရမ်နဲ့ပတ်သက်လို့လည်း ယင်းဟာ နိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ဖို့၊ မြန်မာနိုင်ငံမှာ တိုးတက်အောင်မြင်မှုတွေရအောင် ဘာတွေထပ်လုပ်ဖို့ လိုသေးလဲဆိုတာနဲ့ပတ်သက်လို့ ကောင်းကောင်းသိသူတွေဆီကနေ အကြံပြုဆွေးနွေးမှုတွေကို နားထောင်နိုင်ဖို့အတွက် အချိန်ကိုက်လုပ်ဆောင်တဲ့ အခမ်းအနားပွဲတစ်ခုဖြစ်တယ်လို့ ၀န်ကြီး ဒေါက်တာဖေမြင့်က ဆိုပါတယ်။

" တော်တော်များများ ကွဲပြားခြားနားမှုတွေ ရှိနေတဲ့ နိုင်ငံအတွက် အမျိုးမျိုးသော ထင်မြင်သုံးသပ်ချက်တွေ ကျွန်တော်တို့ လိုချင်ပါတယ်၊ ဒီမိုကရေစီ လမ်း လျှောက်လှမ်းတဲ့ လမ်းခရီးမှာ ကျွန်တေ်ာတို့ ဘယ်နေရာမှာ ရောက်နေပြီလဲဆိုတာနဲ့ပတ်သက်လို့ သိနေတဲ့သူတွေအားလုံးကိုလည်း ကျွန်တော်တို့ကို ပြောပြစေချင်ပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly