ငြိမ်းချမ်းရေးအတွက် တစ်ပါးသူရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို နားလည်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ငြိမ်းချမ်းရေးအတွက် တစ်ပါးသူရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို နားလည်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
ဆွေးနွေးပွဲတက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ငါသာသိ၊ ငါသာတတ် ဆိုသည့် စိတ်ဓာတ် မဟုတ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခြားပုဂ္ဂိုလ်များ၏ ခံစားချက်၊ ဆန္ဒနှင့် မျှော်လင့်ချက်များကို နားလည်မှုရှိရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“ဒီလိုနားလည်မှု မရှိနိုင်ရင် ကျွန်မတို့ နို်င်ငံရဲ့ ညီညွတ်ရေးအတွက်၊ ကျွန်မတို့နိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက်၊ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးအတွက် ထိထိရောက်ရောက်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တစ်ဦးအပေါ် တစ်ဦး လေးစားမှုနှင့် နားလည်မှုရှိသော အမြင်ကျယ်သည့် စိတ်ထားသည် ငြိမ်းချမ်းရေး၏ အခြေခံဖြစ်ပြီး အမြင်ကျဉ်းမြောင်းသည့် စိတ်ထားမျိုး ထားရှိပါက ငြိမ်းချမ်းရေးရရှိရန် ခက်ခဲမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)တွင် ဩဂုတ်လ ၁၁ရက်က စတင်ကျင်းပသည့် မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင််ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမြင်သဘောထားမတူသူများအပေါ် မေတ္တာ၊ စေတနာထားရန် လိုအပ်ပြီး တစ်ပုံစံတည်း စဉ်းစား၊ တွေးခေါ်ခြင်းသည် ဒီမိုကရေစီစနစ်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သေးသည်။

“အားလုံးဟာ တစ်ပုံစံတည်း စဉ်းစားမယ်၊ တစ်ပုံစံတည်းပဲ တွေးမယ်ဆိုရင် တကယ်တော့ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ မကိုက်ညီပါဘူး။ တစ်သွေးတစ်သံတစ်မိန့်ဆိုတာဟာ ဒီမိုကရေစီမဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အစိုးရသက်တမ်း တစ်နှစ်ခွဲကာလအတွင်း ဒီမိုကရေစီအခွင့်အရေးများကို အနုတ်လက္ခဏာဆောင်သည့် ပုံစံဖြင့် သုံးစွဲသူများရှိနေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“တကယ့် ဒီမိုကရေစီရဖို့ဆိုတာ ကျွန်မတို့က ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့စိတ်ဓာတ်တွေ မွေးမြူနိုင်မှရမှာ၊ ဒီလိုမွေးမြူနိုင်မှ ကျွန်မတို့ရဲ့ ဒီမိုကရေစီဟာလဲ တည်တံ့ခိုင်မြဲနိုင်မှာဖြစ်ပါတယ်၊ ကျွန်မတို့ စိတ်ဓာတ်တွေ ပြုပြင်ဖို့လိုပါတယ်၊ Mindset ပေါ့နော်။ ကိုယ့်ရဲ့အတွေးအခေါ်၊ အမြင်၊ အနေအထား ရပ်တည်မှု အားလုံးပေါ့၊ ဒါတွေကို ကျွန်မတို့မပြုပြင်ဘဲနဲ့ ဒီမိုကရေစီကို ကျွန်မတို့နိုင်ငံအတွက် အကျိုးရှိအောင် လုပ်လို့ မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုသည်။

သုံးရက်ကြာ ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲတွင် ခေါင်းစဉ်(၆)ခုကို ဆွေးနွေးကြမည် ဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံရေးအသွင်ကူးပြောင်းမှုများအပေါ် ကမ္ဘာလုံးဆိုင်ရာ ခြုံငုံ ရှုမြင်သုံးသပ်ခြင်း၊ တပ်မတော်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ အကူးအပြောင်း၊ ဗဟိုချုပ်ကိုင်သော စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်း၊ စစ်ဘက် - အရပ်ဘက်ဆက်ဆံရေး (ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး)၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် မီဒီယာ၏အခန်းကဏ္ဍနှင့် ကူးပြောင်းမှုဖြစ်စဉ်တွင် မြန်မာနိုင်ငံ လက်ရှိရောက်ရှိနေသောနေရာတို့ ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ပပညာရှင် ၁၃ ဦး၊ မဏ္ဍိုင်သုံးရပ်မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းတတ်သိပညာရှင် ၂၄ ဦးနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများလည်း ပါဝင်ဆွေးနွေးမည် ဖြစ်သည်။ ပြည်ပပညာရှင်များအနက် အသွင်ကူးပြောင်းရေး သီအိုရီပိုင်းဆိုင်ရာ ကျွမ်းကျင်၍ အသွင် ကူးပြောင်းမှုနှင့် ပတ်သက်သည့် စာအုပ်များ ရေးသားနေသော Mr. Michael Vatikiotis နှင့် အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး အဆိုပါအတွေ့အကြုံများကို ပြန်လည်မျှဝေမည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း Agus Widjojo တို့လည်း ပါဝင်သည်။

“ဒီနေ့ ကြွရောက်လာတဲ့ ပရိသတ်များအားလုံး၊ ဧည့်သည်တော်ကြီးများအားလုံး၊ ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်သူများအားလုံးဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ရိုးရှင်းသော်လည်း အင်မတန်မှခက်ခဲတဲ့လမ်းကြီးကို ဘယ်လိုအကောင်းဆုံး၊ အမြန်ဆုံးဖြတ်ကျော်နိုင်မလဲဆိုတဲ့ နည်းတွေကို ရှာကြပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သူမ၏ မိန့်ခွန်းတွင် နိဂုံးချုပ် အမှာစကား ပြောဆိုသွားသည်။

ပြည်တွင်းမှဆွေးနွေးကြမည့် ပညာရှင်များမှာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးလွင်ကိုလတ်၊ ဦးပြုံးချို၊ ဦးဖြိုးဇေယျာသော်၊ ဦးအောင်ကြည်ညွန့်၊ ဒေါ်ဇင်မာအောင်၊ ဗိုလ်မှူးကြီးအောင်မြင့်ဦး၊ ဦးအောင်ကြည်၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်း၊ ဦးကျော်လင်းဦး၊ ဦးလေးညွန့်၊ ဒေါက်တာ သန့်မြင့်ဦး၊ ဦးသိမ်းဝေ၊ ဒေါ်ခင်မမမျိုး၊ ဦးမျိုးမြင့်၊ ဒေါက်တာသိန်းဆွေ၊ ဦးအေးမောင်ကျော်၊ ဒေါ်ဂျနန်းလာထော်၊ ဦးအောင်လှထွန်း၊ ဦးတင်မောင်သန်း၊ ဦးစိုးမြင့်နှင့် ဒေါ်သင်းသင်းအောင်တို့ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly