တင်ပါးကိုင်ပြီး အသားယူသည့် အမျိုးသားကို တရားစွဲဆိုရန် တရားရုံး၌ တေလာဆွစ် သက်သေထွက်ဆို

တင်ပါးကိုင်ပြီး အသားယူသည့် အမျိုးသားကို တရားစွဲဆိုရန် တရားရုံး၌ တေလာဆွစ် သက်သေထွက်ဆို

အမေရိကန်အဆိုတော် တေလာဆွစ်က ရေဒီယိုအစီအစဉ်တင်ဆက်သူ ဒေးဗစ်မူလာသည် သူမနှင့်တွေ့ဆုံ နှုတ်ဆက်ခဲ့စဉ်တုန်းက သူမကိုအသားယူခဲ့ကြောင်း တရားရုံး၌ သက်သေထွက်ဆိုခဲ့သည်။

“တကယ့်ကို အသားယူပြီး ကျွန်မတင်ပါးကို ညှစ်ကိုင်ခဲ့တာပါ။ အကြာကြီးကို ညှစ်ကိုင်ခဲ့တာပါ” ဟု အသက် ၂၇ နှစ်အရွယ် ဆွစ်က အသက် ၅၅ နှစ်အရွယ် မစ္စတာမူလာကို စွပ်စွဲပြောဆိုခဲ့သော်လည်း မူလာက ငြင်းဆန်ခဲ့ သည်။

“ဒါဟာ တမင်တကာကို ရည်ရွယ်ပြီးလုပ်ခဲ့တာပါ။ ကျွန်မရဲ့စကတ်အောက်က တင်ပါးကို သူ့လက်နဲ့ ဆုပ်ကိုင်ခဲ့ပါ တယ်။ ကျွန်မ တင်ပါးကို တမင်ညှစ်ကိုင်ခဲ့တာပါ” ဟု တေလာဆွစ်က   ကော်လိုရာဒိုပြည်နယ် ဒန်ဗာတရားရုံး၌ ယခုလို သက်သေထွက်ဆိုခဲ့သည်။

မစ္စတာမူလာ၏ရှေ့နေက မေးမြန်းခဲ့သော မေးခွန်းကို ဆွစ်က “ ကျွန်မသူ့ဆီကနေ ရှောင်တိမ်းပြီး ထွက်သွားဖို့ လုပ်တဲ့အချိန်မှာ သူ့ရဲ့လက်ကိုမလွှတ်ပဲ ကျွန်မရဲ့တင်ပါးကို ဆုပ်ကိုင်ထားတုန်းပါပဲ။ တကယ့်ကို ထိတ်လန့်စရာ ပါပဲ။ ကျွန်မဒီလိုမျိုး အရင်က မကြံုဖူးပါဘူး” ဟု ဖြေကြားခဲ့သည်။

ယခုလို တရားရုံး၌ အချေအတင်ဖြစ်ပွားနေသော အမှုကိစ္စသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က တေလာဆွစ်၏ Red အမည်ဖြင့် နယ်လှည့်ဖျော်ဖြေပွဲ ကျင်းပနေစဉ်အတောအတွင်း ဒန်ဗာမြို့၌ နားနေစဉ် ထိပ်သီးရေဒီယိုဌာန KYGO မှ အစီအစဉ် တင်ဆက်သူ မစ္စတာမူလာသည် သူမကို လာရောက်တွေ့ဆုံခဲ့ရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တေလာဆွစ်သည် ထိုဖြစ်ရပ်အား KYGO သို့ တိုင်ကြားခဲ့ပြီး နှစ်ရက်အကြာတွင် မစ္စတာမူလာကို ထိုဌာနမှ ထုတ်ပယ်ခဲ့သည်။

သူမ၏ စွပ်စွဲချက်ကြောင့် သူအလုပ် ပြုတ်ခဲ့ရသည့်အတွက် လျော်ကြေးရရှိရန် မစ္စတာမူလာသည် တေလာဆွစ် အား တရားစွဲဆိုခဲ့ပြီး သူမကလည်း တစ်လအကြာတွင် တန်ပြန်တရားစွဲဆိုခဲ့ရာမှ ယခုလိုအမှုရင်ဆိုင်နေကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly