ရခိုင်ဆန္ဒဖော်ထုတ်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီမှ ငွေ ၁၀ သိန်းလှူ

ရခိုင်ဆန္ဒဖော်ထုတ်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီမှ ငွေ ၁၀ သိန်းလှူ

စစ်တွေ၊ သြဂုတ် ၁၁ ရက်။     ။ ရခိုင်သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒဖော်ထုတ်ပွဲအား သြဂုတ် ၁၃ ရက်နေ့တွင် တစ်ပြည်နယ်လုံး အတိုင်းအတာအားဖြင့် ကျင်းပပြုလုပ်ရန် စီစဉ်နေမှုတွင် လိုအပ်သော ငွေကြေးထောက်ပံ့မှုအချို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး INGOs များ ပြည်နယ်အတွင်းမှ ထွက်ခွာရေးအပါအဝင်   ပြည်သူ့စစ်ဖွဲ့စည်းပေးရေး၊ လုံခြုံရေး တိုးမြင့်ပေးရေးတို့ကို စစ်တွေမြို့ရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ရဟန်းတော်များ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအတွက် လိုအပ်သော ကိစ္စအဝဝများတွင် အသုံးပြုနိုင်ရန် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းငွေ ကျပ် (၁၀) သိန်းအား သြဂုတ် ၁၀ ရက်နေ့တွင် စစ်တွေမြို့ရှိ စစ်ကဲတော်မင်းဘုန်းတော်ကြီး ကျောင်းသို့ တရားဝင် လာရောက်ပေးအပ်ခဲ့သည်ဟု သိရသည်။

“ ဟုတ်ကဲ့ပါ။ ပိုက်ဆံ ၁၀ သိန်း လှူဒါန်းလိုက်ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲဟာ ဘူးသီးတောင်၊ မောင်တော ရခိုင်လူမျိုးတွေအတွက် လုပ်ရတာဖြစ်ပါတယ်။ အဲဒါကြောင့် လူအားဖြင့် သော်လည်းကောင်း၊ ငွေအားဖြင့်သော် လည်းကောင်း ပူးပေါင်း ပါဝင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းရတာဖြစ်ပါတယ်။”  ဟု ပြည်ခိုင်ဖြိုးပါတီ (ရခိုင်ပြည်နယ် ဥက္ကဋ္ဌ) ဒေါက်တာစမ်းရွှေ က RiA သို့ ပြောသည်။

ယင်းအပြင် ဆန္ဒဖော်ထုတ်ပွဲသို့လည်း ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များမှ လာရောက်ပူးပေါင်းသွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ စမ်းရွှေ၏ ပြောကြားချက်အရ သိရသည်။

ယခု ဆန္ဒဖော်ထုတ်ပွဲအား တပြည်နယ်လုံးအတိုင်းအတာအရ ပြုလုပ်နိုင်ရန် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် သြဂုတ်လ ၆ ရက်နေ့က တစ်ကြိမ်၊ မိုးကုတ်ဝိပသနာကျောင်းတွင် သြဂုတ်လ ၉ ရက်နေ့က တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် သံဃာတော်များက ဦးဆောင်ကာ လူထုအစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ရခိုင်သံဃာတော်များ၏ ယခုလို ဆန္ဒဖော်ထုတ်ရန် စီစဉ်နေမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် ဝန်ထမ်းများအပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းများ၏ လုံခြုံရေးကို စိုးရိမ်မိကြောင်း ကုလသမဂ္ဂက သတိပေးပြောကြားထားကြောင်း RFA မြန်မာပိုင်း တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required