လာမည့် ၂၀၂၂တွင် ကိုင်လီဂျန်နာ၏ အလှကုန်ပစ္စည်းရောင်းချရမှု တန်ဖိုး ၁ ဘီလျံဒေါ်လာခန့် ရှိလာမည်

လာမည့် ၂၀၂၂တွင် ကိုင်လီဂျန်နာ၏ အလှကုန်ပစ္စည်းရောင်းချရမှု တန်ဖိုး ၁ ဘီလျံဒေါ်လာခန့် ရှိလာမည်

အသက် ၂၀ အရွယ် ကိုင်လီဂျန်နာသည် မကြာမီနှစ်များအတွင်း အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ဖိုး ရှိသော အလှကုန်ပစ္စည်းများရောင်းချသည့် စီးပွားရေးလုပ်ငန်း၏ ပိုင်ရှင်တစ်ဦးဖြစ်လာတော့မည် ဖြစ်သည်။

နာမည်ကြီး ကာဒါရှန်း-ဂျန်နာမိသားစုထဲမှ အသက်အငယ်ဆုံးဖြစ်သော ကိုင်လီဂျန်နာသည် သူမ၏ Kylie အလှကုန်ပစ္စည်းများနှင့် ငွေမည်မျှရှာနိုင်ခဲ့ကြောင်းကို မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့သည်။

Women’s Wear Daily (WWD) နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ ကိုင်လီနှင့် သူမ၏မိခင် ခရစ္စဂျန်နာတို့ သည် ၁၈ လအတွင်း အမေရိကန်ဒေါ်လာ သန်း၄၂၀ခန့်ရှိသော Kylie အလှကုန်ပစ္စည်းများကို ရောင်းချနိုင်ခဲ့ ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ကိုင်လီ၏အလှကုန်ပစ္စည်းများသည် အခြားအလှကုန်ပစ္စည်း ကုမ္ပဏီများဖြစ်ကြသော Bobbi Brown နှင့် Lancome တို့ထက် ပိုမို၍ ပစ္စည်းများ ရောင်းချနိုင်ခဲ့သည်ကို တွေ့ရသည်။

ကိုင်လီသည် သူမ၏စီးပွားရေးလုပ်ငန်းမှ ရရှိလာသော ငွေကြေးများနှင့် ပက်သက်၍ ထုတ်ဖော်ပြောကြားခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

သူမ၏ Kylie အမှတ်တံဆိပ် နှုတ်ခမ်းနီများ၊ ရောင်စုံခဲတံများနှင့် မျက်ခွံဆိုးဆေးတောင့်များသည် အခြားနာမည် ကြီး အလှကုန်ပစ္စည်း အမှတ်တံဆိပ်ဖြစ်သော Tom Ford ထက် ပိုမိုရောင်းချနိုင်ခဲ့သည်ကိုလည်း သိရှိရသည်။

အခြားနာမည်ကြီး အလှကုန်ပစ္စည်း အမှတ်တံဆိပ်များဖြစ်ကြသော Bobbi Brown နှင့် Lancome တို့သည် သူတို့၏ ကုန်ပစ္စည်းများ ဘီလျံဒေါ်လာတန်ဖိုးခန့် ရောင်းထွက်အောင် ၂၅နှစ်မှ နှစ် ၈၀အထိ ကြာမြင့်ခဲ့သော် လည်း ကိုင်လီဂျန်နာအတွက်တော့ လာမည့်ငါးနှစ်အတွင်း ထိုပမာဏခန့် ရရှိအောင် ရောင်းချနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကိုင်လီဂျန်နာသည် မကြာမီနှစ်များအတွင်း အသက်အငယ်ဆုံး ဘီလျံနာများထဲမှ တစ်ဦးဖြစ်လာတော့မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly