စွန့်ပစ်ပစ္စည်းများမှ တိုင်းရင်းရိုးရာလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်း

စွန့်ပစ်ပစ္စည်းများမှ တိုင်းရင်းရိုးရာလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်း
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)
 

သားသတ်ရုံများမှစွန့်ပစ်သည့်ပစ္စည်းများနှင့်တိုင်းရင်းသားရိုးရာလက်မှုပစ္စည်းများလုပ်ကိုင်နေသည်ကို သြဂုတ် ၁၁ ရက်၊မွန်းလွဲ ၁ နာရီကတွေ့ရသည်။

အဆိုပါ လုပ်ငန်းကိုမန္တလေးမြို့၊ချမ်း/တောင်ရပ်ကွက်၊အကွက်အမှတ်(၈၅၃)၊အောင်ရတနာလမ်းသွယ်မှာ နေထိုင်သည့် ဦးခင်မောင်မိသားစုက လုပ်ကိုင်နေခြင်း ဖြစ်သည်။

၎င်းတိုင်းရင်းသားရိုးရာလက်မှုများကို ပြည်တွင်း၊ပြည်ပမှဝယ်ယူနေကြသလို ရှေးဟောင်းပစ္စည်း ရောင်းချသည့်ဆိုင်များကလည်း အများဆုံးဝယ်ယူကြောင်းလည်းသိရသည်။
သားသတ်ရုံမှ စွန့်ပစ်ပစ္စည်းများဖြင့် တိုင်းရင်းသားရိုးရာလက်မှုပစ္စည်းများ ပြုလုပ်ရောင်းချခြင်း အလုပ်ကို ၂၀၀၁ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"အရင်က ပန်းထိမ်လုပ်တာပါ။ ကျန်းမာရေးမကောင်းတော့ ဆေးဖိုးလေးရအောင်ဆိုပြီး သားသတ်ရုံက အရိုးလေးတွေယူပြီး စလုပ်ခဲ့တယ်။ ထွက်လာတဲ့ပစ္စည်းလေးတွေကို အမျိုးသမီးက အရောင်းဆိုင်တွေ လိုက်ပြရင်း စျေးကွက်ရှာခဲ့ရတယ်။ အခုတော့ စျေးကွက်ရှိလာပြီ။ မိသားစုအားလုံး ဝိုင်းလုပ်ရတယ်။ သူတို့ကို ဒီပညာအမွေပေးထားတယ်။ဒီလိုလုပ်တာလည်း ကျွန်တော်တို့ပဲရှိတယ်ဆိုတော့ အဆင်ပြေတယ်"ဟု လက်မှုပညာရှင် ဦးခင်မောင်က ပြောသည်။

အဆိုပါလုပ်ငန်းကို မိသားစု ရ ဦး လုပ်ကိုင်နေပြီး ထွက်ရှိလာသည့် ပစ္စည်းများကို ပြည်တွင်း ကုန်သည်များက လာရောက်ဝယ်ခဲ့ကြပြီး ပြည်ပနိုင်ငံများကလည်း မှာယူမှုများရှိသည်ဟု ဦးခင်မောင်ကဆိုသည်။

"တိုင်းရင်းသားရိုးရာပစ္စည်းတွေကို ချစ်တယ်။သင်္ကေတတွေကို မြတ်နိုးတယ်။ ဒါကြောင့်လည်း ဒီလုပ်ငန်းကို လုပ်တာပါ။ လုပ်သလောက် ထွက်သမျှပစ္စည်းက ကုန်တယ်။ ပုံစံပြပြီး ကြိုတင်မှာတာလည်း ရှိတယ်"ဟု ဦးခင်မောင်က ပြောသည်။

ထွက်ရှိလာသည့်ပစ္စည်းတန်ဖိုးများမှာ ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ကျပ်တစ်သောင်းမှ ရှစ်သောင်း၊တစ်သိန်းအထိ ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly