ပရီးမီးယားလိဂ်၏အများဆုံးလစာငွေဖြင့် ဆန်းချက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ်ကမ်းလှမ်း

ပရီးမီးယားလိဂ်၏အများဆုံးလစာငွေဖြင့် ဆန်းချက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ်ကမ်းလှမ်း

သြဂုတ် ၁၁၊ အင်္ဂလန် ။                  ။ အာဆင်နယ်အသင်းသည် ၎င်းတို့အသင်း၏ အဓိကတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ပရီးမီးယားလိဂ်၏ အမြင့်ဆုံးလစာငွေဖြစ်သော တစ်ပတ်လစာငွေ ပေါင် ၃ သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ဆန်းချက်ဇ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်အကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ထားသည်။ အာဆင်နယ်အသင်းဘက်က တစ်ပတ်လစာငွေ ပေါင် ၂၂၅,၀၀၀ နှင့် အပိုဆုကြေးငွေအပါအဝင် စုစုပေါင်း ပေါင် ၂၇၅,၀၀၀ ဖြင့် ကမ်းလှမ်းခဲ့ဖူးသော်လည်း ဆန်းချက်ဇ်ဘက်က ပယ်ချခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းက ၎င်းတို့၏အဓိကတိုက်စစ်မှူးကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ဆန်းချက်ဇ်အလိုရှိနေသည့်အတိုင်း ပေါင်သုံးသိန်းအထိ တိုးမြှင့်ကာ ကမ်းလှမ်းလိုက်သည်။

လက်ရှိတွင် ဆန်းချက်ဇ်ကို မန်စီးတီးနှင့် ပီအက်စ်ဂျီတို့က စိတ်ဝင်စားလျက်ရှိသည်။ သို့သော် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆန်းချက်ဇ်ကို လုံးဝရောင်းချမည်မဟုတ်ဟု ယတိပြတ်ပြောဆိုထားပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆန်းချက်ဇ်သည် အာဆင်နယ်အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က လေ့ကျင့်ရေးအစီအစဉ်တွင် ၀မ်းဗိုက်ကြွက်သားဆိုင်ရာ ဒဏ်ရာရရှိ ခဲ့သောကြောင့် ယနေ့ညတွင်ကစာမည့် လက်စတာနှင့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက ပြောဆိုထားသည်။

လက်ရှိ ပရီးမီးယားလိဂ်တွင် လစာငွေအများဆုံးရရှိနေသည့် ကစားသမားမှာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာဖြစ်ပြီး တစ်ပတ်လစာငွေ ပေါင် ၂၈၀,၀၀၀ ရရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required