ကိုယ်ပိုင်အားကစားကွင်း ပိုင်ဆိုင်တဲ့ စတုတ္ထမြောက် စီးရီးအေကလပ် အတ္တလန်တာ

ကိုယ်ပိုင်အားကစားကွင်း ပိုင်ဆိုင်တဲ့ စတုတ္ထမြောက် စီးရီးအေကလပ် အတ္တလန်တာ
(ဓာတ်ပုံ - အီးပီအေ)

အီတလီကလပ် အတ္တလန်တာအသင်းဟာ Atleti Azzurri ကွင်းကို ယူရို ၈.၆ သန်းဖြင့် ဝယ်ယူရန် ဘစ်ဂါမိုမြို့နှင့် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း အသင်းက ပြောပါတယ်။

အဆိုပါအားကစားကွင်းကို ပြန်လည်ကောင်းမွန်အောင် ၆ လကြာ ပြုပြင်သွားဖို့ အစီအစဉ်ဆွဲထားပါတယ်။

အတ္တလန်တာ ဥကဌ အန်တိုနီယို ပတ်ကာစီက အားကစာကွင်းကြီး ပိုင်ဆိုင်တာဟာ ၎င်းရဲ့ ကလပ်အသင်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အဆင့်တစ်ဆင့်ဖြစ်တယ်လို့ ပြောပါတယ်။

အီတလီကလပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၄ နေရာ ရပ်တည်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကို ဆုတ်ကိုင်ထားနိုင်ကာ ၎င်းတို့က ဥရောပပြိုင်ပွဲမှာ နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်  ဝင်ရောက်ယှဉ်ပြိုင်တာလည်းဖြစ်ပါတယ်။

၂၀၁၁ ကတည်းက Allianz ကွင်းပိုင်ရှင် ဂျူဗင်တပ်စ်၊ ၂၀၁၃ မှာ Mapei ကွင်းကို ဝယ်ယူခဲ့တဲ့ ဆာဆူအိုလို၊ ၂၀၁၆ ခုနှစ်မှာ Dacia Arena ကွင်းကို ပိုင်ဆိုင်ခဲ့တဲ့ အူဒီးနီးတို့ပြီးနောက် အတ္တလန်တာအသင်းဟာ စီးရီးအေကလပ်မှာ ကိုယ်ပိုင်အားကစားကွင်း ပိုင်ဆိုင်တဲ့ စတုတ္ထမြောက်အသင်းဖြစ်ပါတယ်။

ရိုးမားနှင့် ဖီအိုရင်တီးနားတို့က အားကစားကွင်းများကို ၂၀၁၇ နှောင်းပိုင်းနှင့် ၂၀၁၉ ခုနှစ်တို့မှာ အသီးသီး စတင်ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ချပြခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required