ပြည်နည်းပညာတက္ကသိုလ်တွင် IT ဘာသာရပ်ကို ပြန်သင်ကြားခွင့်ရရေး ဆောင်ရွက်နေ

ပြည်နည်းပညာတက္ကသိုလ်တွင် IT ဘာသာရပ်ကို ပြန်သင်ကြားခွင့်ရရေး ဆောင်ရွက်နေ

ပြည်၊ သြဂုတ် ၁၀ ။            ။ သတင်းအချက်အလက် နှင့် နည်းပညာ (IT)ဘာသာရပ်ကို ကျောင်းသားကျောင်းသူများပိုမို စိတ်ဝင်စားလာ စေရန် နှင့် ၄င်းဘာသာရပ်ကို ပြန်လည်သင်ကြားခွင့်ရရှိရန် အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့၊  ပြည်နည်းပညာတက္ကသိုလ်တွင် သြဂုတ်လ ၁၀ ရက်က Information Technology Project Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုခေတ်က IT ခေတ်ဖြစ်တဲ့အတွက် ကလေးတွေ အားလုံးက ဒါကိုစိတ်ဝင်စားလာပြီး တက်ရောက် နိုင်အောင် ဒီလို Software လေးတွေ Project လေးတွေ လုပ်နိုင်တယ်ဆိုတာ ကျွန်မတို့ချပြတာပါ။ ကျွန်မတို့မှာ သင်ထောက်ကူပစ္စည်းတွေလည်း အပြည့်အစုံရှိပါတယ်။ ဆရာ/ ဆရာမတွေလည်း အလုံအလောက် ရှိပါတယ်။ စာသင်ခန်းတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဒီလို ကျောင်းသူ   ကျောင်းသားတွေကို ဒီ မေဂျာကို ထပ်ပြီး ခေါ်မယ်ဆိုရင် ခေါ်လို့ရတယ်။ ဖွင့်လို့ရတယ်ဆိုတာ ပြတာပါ”ဟု သတင်းအချက်အလက် နှင့်နည်းပညာဌာန ကထိက ဆရာမကြီး ဒေါ်မြမြအေးက ဆိုသည်။

ပြည်နည်းပညာတက္ကသိုလ်တွင် ယခင်က ဘာသာရပ် ရ ခုကို သင်ကြားပေးခဲ့သော်လည်း ၂၀၁၄ခုနှစ်မှ စ၍  PC ၊ MC ၊ IT ဘာသာရပ်များကို လျှောက်ထားခွင့်မပေးတော့ဘဲ Civil ၊ EP ၊ EC ၊ Mechanical ဘာသာရပ်များကို သာ လျှောက်ထားခွင့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် သတင်းအချက်အလက် နှင့် နည်းပညာ ဘာသာရပ် နှင့် ပတ်သတ်ပြီး 4D တန်းတွင် ၆ ယောက် ၊ BE ၃၆ ယောက် ၊ Master ၅ ယောက်သာ ပညာသင်ကြားလျှက် ရှိသည်။

 “အဲ့လိုဖြုတ်လိုက်တဲ့ဘာသာရပ်တွေ ပြန်ပြီးရအောင်ကြိုးစားတာ။ အဓိက တော့ပညာရေးဝန်ကြီး ခွင့်ပြုပေးမှ ရမှာ ပေါ့။ ပညာရေးဝန်ကြီးက ခွင့်ပြုပေးပါတယ်ဆိုတာရမှ ဆယ်တန်းအောင်တော့   ခေါ်တဲ့ ဖောင်တွေထဲမှာ လျှောက်ထားနိုင်တဲ့သင်တန်းဆိုပြီး အဲ့လိုထည့်မှ ဒီသင်တန်းကို ကလေးတွေ လျှောက်ခွင့်ရှိပါတယ်။ ကျွန်မတို့က အဲ့လို ပြန်ရအောင်ကြိုးစားတာပေါ့ ။ ကလေးတွေလည်း ဒီလိုလုပ်လို့ရတယ်ဆိုတဲ့ အကြောင်းပြတာပေါ့”ဟု ကထိက ဆရာမကြီး ဒေါ်မြမြအေးက ပြောသည်။

သတင်းအချက်အလက် နှင့် နည်းပညာဘာသာရပ်ကို ပြည်နည်းပညာတက္ကသိုလ်တွင် သင်ကြားခွင့်ရရေး အတွက် ၂၀၁၆ ခုနှစ်က ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် ITဘာသာရပ် ခေါင်းဆောင် နှင့် ပြည်မြို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးသက်ဝင်းလှိုင်(ပညာရေးဆိုင်ရာ ကိစ္စရပ်များ တာဝန်ယူထားသူ) တို့၏ ထောက်ခံချက်များ ဖြင့် ပါမောက္ခချုပ် ဆရာကြီးမှ တဆင့်  ပညာရေး ၀န်ကြီး ထံ တင်ပြရန်ရှိသည်ဟုလည်း ဆရာမကြီးက ပြောသည်။

နံနက် ၉ နာရီတွင် ပြည်နည်းပညာတက္ကသိုလ် စုဝေးခန်းမ တွင် Information Technology Project Show ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြည်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာညွှန့်စိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြည်နည်းပညာတက္ကသိုလ် သတင်းအချက်အလက်နည်းပညာဌာန ဌါနမှူး ဒေါက်တာနေခြည်ထွန်းက Project Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြသထားသော   Project ၁၂ ခု နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းသားကျောင်းသူများက Presentation ရှင်းလင်းဆွေးနွေး သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required