မြန်မာအသင်း၏ နည်းစနစ်များအား အင်တာမီလန်အသင်း အံ့သြသွားမည်ဟု ဆို

မြန်မာအသင်း၏ နည်းစနစ်များအား အင်တာမီလန်အသင်း အံ့သြသွားမည်ဟု ဆို
ဓာတ်ပုံ-MFF

သြဂုတ်လ ၁၀ ။              ။ မြန်မာနှင့်အင်တာမီလန် လူငယ်အသင်းများ ခြေစမ်းပွဲများကို လာမည့် သြဂုတ်လ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် ကစားကြတော့မည့်ဖြစ်ရာ မြန်မာအသင်း၏ နည်းစနစ်များကို မြင်ပါက အင်တာမီလန်အသင်းမှ အံ့သြသွားမည်ဟု မြန်မာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မြန်မာနှင့်အင်တာမီလန် လူငယ်အသင်းများ ခြေစမ်းပွဲများအတွက် ယနေ့ သြဂုတ်လ ၁၀ ရက်၊ Novotel Yangon Max ဟိုတယ်၌ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင်   ပြောဆိုခဲ့ခြင်းဖြစ်သည်။  

“အင်တာမီလန်လို အသင်းမျိုးနဲ့ ကစားရတာ ဂုဏ်ယူစရာပါ။ ဒီခြေစမ်းပွဲတွေကနေ ကျွန်တော့် ကစားသမားတွေအနေနဲ့ သင်ယူစရာတစ်ခုခု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီခြေစမ်းပွဲတွေက အာရှခြေစစ်ပွဲနဲ့ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲတွေအတွက် ပြင်ဆင်မှုတွေထဲက တစ်ခုပါ။ မနက်ဖြန် ပွဲမှာ မြန်မာအသင်းရဲ့ နည်းစနစ်ပိုင်းကို မြင်ရင် အင်တာမီလန်အသင်းအနေနဲ့ အံ့သြသွားပါလိမ့်မယ်” ဟု မြန်မာအသင်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သော Rabah Benlarbi (Head Coach of Myanmar U18) က ပြောသည်။

အဆိုပါ ပြောဆိုချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  ယနေ့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Inter Milan Friendly Tour ခြေစမ်းပွဲများအတွက် အင်တာမီလန် ယူ-၁၈ အသင်းက မြန်မာ ယူ-၁၈ အသင်းနှင့် လာမည့် သြဂုတ်လ (၁၁)ရက် ၊ ညနေ ၆ နာရီနှင့် သြဂုတ်လ (၁၃)ရက် ၊ ညနေ ၆ နာရီ တို့တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အင်တာမီလန် ယူ-၁၈ အသင်းတွင် အီတလီလူငယ် လက်ရွေးစင်ကစားသမားအပြင် အခြားနိုင်ငံများမှ လူငယ်လက်ရွေးစင်ကစားသမားများပါ၀င်ပြီး မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် အတွေ့အကြံု ကောင်းများ ရရှိရန် မျှော်လင့်ထားကြောင်း Mr. Daniele Bernazzani (Technical Director of Inter Milan U18) က ပြောထားသည်။

အဆိုပါ ပွဲစဉ်များအတွက် For Sports နှင့် Pyone Play တို့ကနေ တိုက်ရိုက်ပြသပေးသွားမည်ဖြစ်ပြီး ပွဲအတွက် ကြိုတင်လက်မှတ်များ သြဂုတ် ၉၊ ၁၀ ရက်နေ့ ရုံးချိန်အတွင်း လှည်းတန်း စင်တာ၊ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏအားကစားကွင်းတို့တွင် ရောင်းချပေးနေကာ ရိုးရိုးတန်း ၂၀၀၀ ကျပ် ၊ ၃၀၀၀ ကျပ်နှင့် အထူးတန်း ၅၀၀၀ ကျပ်ဖြစ်သည်။

အင်တာမီလန် ယူ-၁၈ အသင်းသည် ဩဂုတ်လ ၉ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရောက်ရှိလာခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly