ရခိုင်ပြည်နယ်လုံခြံုရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဆွေးနွေး

ရခိုင်ပြည်နယ်လုံခြံုရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဆွေးနွေး

ရန်ကုန်၊ သြဂုတ် ၁၀ ။                 ။ ရခိုင်ပြည်နယ်လုံခြံုရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ကာကွယ်ရေး ၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါ၀င်သည့် ဆွေးနွေးပွဲတစ်ခုကို ယမန်နေ့ နေ့လည်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်လုံခြံုရေးအတွက် အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ အိမ်တော်၌ ယမန်နေ့  ဇူလိုင်လ ၉ရက်၊ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့များ လှုပ်ရှားများကို ထိန်းချုပ်နိုင်မှုအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် လတ်တလော လုံခြံုရေးတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ရေရှည် ကာကွယ်ရေးနှင့် လုံခြံုရေးဆိုင်ရာအစီအမံလျာထားချက်များကို ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့က ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အစည်းအဝေး အဖွင့်အမှာစကားနှင့် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ရှင်းလင်းတင်ပြချက်များအပေါ် သုံးသပ်ကာ အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း အသေးစိတ်ကို ဖော်ပြမထားပေ။

ရခိုင်ဒေသလုံခြံုရေးကို အလေးထားစီစဉ်ပေးရန် ယမန်နေ့က အမျိုးသားလွှတ်တော်၌ ဆွေးနွေးနေစဉ် ယခု အစည်းအဝေး ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ယမန်နေ့ မွန်းလွဲပိုင်းကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး မောင်တောဒေသအတွင်း၌ လုံခြံုရေးကိစ္စများကို တိုးမြှင့်ပေးရန် ကာကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် ရခိုင်ဒေသ၌ တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားနေပြီး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required